Homeမြန်မာသတင်း
ခရီးသွားမြှင့်တင်ရေးအတွက် ရှမ်းရိုးမဆင်စခန်းကို အဆင့်မြှင့်ပြုပြင်ထိန်းသိမ်းသွားမည်
ခရီးသွားမြှင့်တင်ရေးအတွက် ရှမ်းရိုးမဆင်စခန်းကို အဆင့်မြှင့်ပြုပြင်ထိန်းသိမ်းသွားမည်
DVB
·
January 24, 2019
ရှမ်းပြည်နယ်မှာ ခရီးသွားမြင့်တင်ဖို့ ကလောမြို့နယ် နမ့်ပန်တက်ကျေးရွာအုပ်စု ရှမ်းရိုးမဆင်စခန်းကို အဆင့်မြှင့်သွားမယ်လို့ သိရပါတယ်။
ရှမ်းရိုးမဆင်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက်ကြည့်ရှုပြီး လမ်း၊ အများသုံး အိမ်သာ စသဖြင့် အစိုးရဘတ်ဂျက်နဲ့ ဆောက်လုပ်ပြီး လုပ်ငန်းပြီးစီးမှုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဦးစိုးညွန့်လွင် သွားရောက်စစ်ဆေးခဲ့ပါတယ်။
အဓိက ဒေသခံလုထုအတွက် ဝင်ငွေတဖက်တလမ်းရရှိဖို့နဲ့ ခရီးသွားတွေ အနားယူ အပန်းဖြေနိုင်မယ့်နေရာတခု ဖန်တီးပေးမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ သစ်ထုတ်လုပ်မှု နည်းပါးလာတဲ့အတွက် အလုပ်နည်းလာတဲ့ဆင်တွေကို လူတွေအပန်းဖြေနိုင်မယ့် ခရီးသွားလုပ်ငန်းတွေမှာ အသုံးပြုလာကြတာဖြစ်ပါတယ်။
ရှမ်းရိုးမဆင်စခန်းဟာ ရှမ်းပြည်နယ် ကလောတောင်ခြေမှာရှိပြီး ဆင်စခန်းအပြင် ချောင်းရေတွေ၊ ဆင်စခန်းနဲ့ (၁) မိုင်ကျော်မှာ ရေတံခွန်လည်း ရှိပါတယ်။
ဆင်စခန်းကို အလည်ပတ်လာမယ်ဆိုရင် ပြည်တွင်းခရီးသည်အတွက် ဝင်ကြေး၊ ယာဉ်ရပ်နားခ၊ ဆင်စီးခတွေအတွက် တဦးကို ၅၀၀၀ ကျပ်ကောက်ခံပြီး ပြည်ပခရီးသွားတွေ အတွက် ၂၀၀၀၀ ကျပ် ကောက်ခံတယ်လို့ သိရပါတယ်။
ရှမ်းရိုးမဆင်စခန်းဟာ မိုးတွင်းလေးလတာကာလမှာ ရေကြီးမှုကြောင့် ပိတ်ထားပြီး ကျန်ကာလမှာ အမြဲဖွင့်လှစ်လည်ပတ်လို့ ရပါတယ်။
ရှမ်းပြည်နယ် ဌာနဆိုင်ရာပိုင် ရှမ်းရိုးမဆင်စခန်းနဲ့ ပုဂ္ဂလိကပိုင် မကွေဆင်စခန်းဆိုပြီး နှစ်ခုရှိပါတယ်။
ရှမ်းရိုးမဆင်စခန်းဟာ ၂၀၁၈ ဖေဖော်ဝါရီလက စတင်တည်ထောင်ပြီး ဆင်အမြွာနှစ်ကောင်နဲ့ မိခင် ၁ ကောင်နဲ့ စီးဖို့ဆင် ၅ ကောင်ရှိကြောင်း သိရပါတယ်။
ခွန်ရာဇာ