နာမည်ကျော် စားဖိုမှူး ဟိုဆေးအန်ဒရေ၏ အရေးပေါ်မီးဖိုချောင်ဖွင့်ပွဲ

နာမည်ကျော် စားဖိုမှူး ဟိုဆေးအန်ဒရေရဲ့ အရေးပေါ်မီးဖိုချောင်ဖွင့်ပွဲမှာ အမေရိကန်အစိုးရ လုပ်သားတွေ ဝါရှင်တန်မြို့တော်မှာ ဇန်နဝါရီ ၁၆ ရက်က တန်းစီနေပါတယ်။ အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းနေတာ ၂၆ ရက်ရှိပြီမို့ လုပ်ခလစာ မရသေးတဲ့ ဝန်ထမ်းတွေအတွက် အခမဲ့ နေ့လယ်စာကို ဝေပေးနေတာပါ။ စားသောက်ဆိုင်ပိုင်ရှင် အန်ဒရေရဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း World Central Kitchen က မိတ်ဆက်တဲ့ "Chefs for Feds" မီးဖိုချောင်ဟာ လစာမရသေးတဲ့ အစိုးရလုပ်သားတွေကို ကျွေးဖို့ အားထုတ်တဲ့ နောက်ဆုံးနမူနာလည်း ဖြစ်ပါတယ်။ အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်တလျှောက် တံတိုင်းဆောက်ရေး အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလျံ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အတိုက်အခံ ဒီမိုကရက်ပါတီ အောက်လွှတ်တော်အမတ်တွေကြား အငြင်းပွားနေလို့ အမေရိကန်အစိုးရ လုပ်ငန်းတစိတ်တပိုင်း ရပ်ဆိုင်းနေပါတယ်။ အကျိုးဆက်အနေနဲ့ အမေရိကန်နိုင်ငံတလွှား ပြည်ထောင်စုအဆင့်လုပ်သား အယောက် ၈ သိန်းဟာ ဗုဒ္ဓဟူးနေ့ထိ လစာမရသေးပါဘူး။ လွှတ်တော်နဲ့ အိမ်ဖြူတော်ကြားမှာရှိတဲ့ "Chefs for Feds" စတုဒီသာမဏ္ဍပ်ဟာ အစိုးရလုပ်ငန်းတွေ ပြန်မဖွင့်မချင်း လိုအပ်ချက်ရှိတဲ့ ပြည်ထောင်စုအဆင့် အစိုးရဝန်ထမ်းတွေကို စားစရာတွေ အခမဲ့ဝေပေးမှာ ဖြစ်ပါတယ်။ World Central Kitchen အဖွဲ့ကတော့ ကမ္ဘာတလွှားက ကပ်ဘေးသင့် ပြည်သူတွေအတွက် အခမဲ့ စားစရာတွေ ပံ့ပိုးနေပါတယ်။ လောလောဆယ်မှာ ဝါရှင်တန်မြို့တွင်း နေရာငါးခုမှာ စားစရာတွေ ဝေပေးနေပြီး လာမယ့် စနေနေ့မှာ ဒီအဖွဲ့ဟာ စားစရာဝေပေးမယ့် နေရာတွေကိုရော ဝေပေးမယ့်စားစရာ ပမာဏကိုပါ တိုးမယ်လို့ အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up