Home
မြန်မာသတင်း
အင်းတော်ကြီးအိုင်တွင် ငှက်မုဆိုးများကြောင့် ငှက်ကောင်ရေ နည်းပါးလာ
DVB
·
January 17, 2019
ကချင်ပြည်နယ်မိုးညှင်းခရိုင်ရှိ မြန်မာနိုင်ငံမှာ အကြီးဆုံးရေချိုအိုင်ဖြစ်တဲ့ အင်းတော်ကြီး အိုင်ကို တောရိုင်းတိရစ္ဆာန် သဘာဝဘေးမဲ့တောအဖြစ် ထိန်းသိမ်းထားပေမယ့်လည်း ငှက်တွေ ဖမ်းဆီးတဲ့ ငှက်မုဆိုးတွေရှိနေတာကြောင့် ငှက်အကောင်ရေ နည်းပါးလာတယ်လို့ သိရပါတယ်။ “အင်းထဲမှာ ငှက်မုဆိုးတွေက အစုလိုက်အသင်းလိုက်နေကြတဲ့ မယ်ညိုငှက်တွေကို ပိုပြီး ဖမ်းကြတယ်။ သူတို့ဖမ်းတာက ဆေးချပြီးဖမ်းတာ၊ လည်ဖြတ်ဆေးလို့ခေါ်တယ်၊ ဒီဆေးလူးထားတဲ့ အစာကိုစားတဲ့ငှက်က အစာအိမ်ထဲမရောက်ခင် လည်ချောင်းထဲတင် လည်ချောင်းကွဲပြီး သေတာ မြန်တယ်။ ဒါကိုအခြောက်လုပ်ပြီး မှော်ထဲဘက်တွေ ပို့ကြတယ်။ ကောင်ရေရာထောင်ချီပါပဲ။ တိုင်တဲ့လူ ရန်ရှာခံရနိုင်တယ်။ ငှက်တွေက ဒီလိုအန္တရာယ်ကိုကြောက်လို့ မလာတော့တာလား၊ ရှားသွားတာလားတော့ မသိဘူး၊ နည်းသွားကုန်ပြီ”လို့ အင်းတော်ကြီးမှ တောင်သူအမျိုးသမီးက ပြောပါတယ်။ မယ်ညိုငှက်အပြင် ရေကြက်၊ ရေဘဲ တို့ကိုလည်း ဖမ်းဆီးကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်းတော်ကြီးဘေးမဲ့တော ထိန်းသိမ်းရေးဥက္ကဋ္ဌ ဦးမောင်ဝင်းကတော့ “ဒီမယ်ညိုငှက်တွေ ကို ဆေးချသူတွေဟာ ဒေသခံတွေမဟုတ်ဘူး၊ ပြောင်းရွှေ့ရေလုပ်သားတွေ။ လွယ်ပုံလေးဘက်မှာ လုပ်တာ၊ ကန်ရေပြင်နဲ့ ဆက်စပ်ဧရိယာမှာ ငှက်ပိုက်ထောင်တာ၊ ငှက်ဆေးချတာ ဖမ်းဆီး အရေးယူမှုတွေ လုပ်နေတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်း ရှားလာပါပြီ။ ဖားကန့်ဘက်မှာမကဘူး ဈေးတွေရော အင်းတော်ကြီးတောင်ခြေက စားသောက်ဆိုင်တွေမှာရော ရှာဖွေစစ်ဆေးပြီး ငှက်သားရောင်းချတာတွေ့ရင် ပညာပေးခံဝန်ကတိ ထိုးခိုင်းတယ်။ နောက်တခေါက်ဆို အရေးယူ ပါတယ်။ မိုးယွမ်းကြီး အင်းလေးကန်တို့ထက် အင်းတော်ကြီးဒေသခံတွေက ထိန်းသိမ်းရေးကို စိတ်ဝင်စားကြပါတယ်” လို့ ပြောပါတယ်။ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အင်းတော်ကြီး အာရှရေပျော်ငှက်ကောက်ယူ စာရင်းမှာ ငှက်မျိုးစိတ် ၅၀ လောက်ရှိပြီး ကောင်ရေမှာ ၁၅၀၀၀ အထက်မှာ ရှိကြောင်း သိရပါတယ်။ အင်းတော်ကြီး ရေဝပ်ဒေသဟာ ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုထားတဲ့ ငှက်တွေပျံသန်းရာ လမ်းကြောင်းမှာ ဆောင်းခိုငှက် ဆောင်းခိုရာနေရာအဖြစ် ပါဝင်ကြောင်း သိရပါတယ်။ သတင်း - မုန်းမုန်းမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024