နှင်းထုကြီးကိုဖောက်ထွက်၍ တိုင်းတာမှုလုပ်ခဲ့သည့် မိုးလေဝသ ပညာရှင်သုံးဦး ရေပန်းစား (ရုပ်သံ)

ပြင်းထန်တဲ့ နှင်းမုန်တိုင်းအတွင်း ရာသီဥတုအခြေအနေကို အံတုကာ တာဝန်ဝတ္တရား အတိုင်း ဆောင်ရွက်ခဲ့တဲ့ ပိုလန်နိုင်ငံက မိုးလေဝသပညာရှင်သုံးယောက်ရဲ့ ဗွီဒီယိုဖိုင်ဟာ အင်တာနက်မှာလူပြောများနေတယ်လို့ Reuters သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ပိုလန်နိုင်ငံအနောက်ပိုင်း တာရက်စ်ဒေသမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ နှင်းမုန်တိုင်း တိုက်ခိုက်နေစဉ်အတွင်း မာစင်ဂါဘရီ၊ လူးကပ်စ်ချူရာနဲ့ ဝီတိုကက်ဇ်ကင် လို့ခေါ်တဲ့ မိုးလေဝသ ပညာရှင်သုံးယောက်ဟာ သူတို့ရဲ့ မိုးလေဝသစခန်းတခုအတွင်းမှာ ရှိနေခဲ့ကြပြီး သူတို့နေထိုင်ရာ အဆောက်အဦတခုလုံးကို နှင်းတွေက ဖုံးလွှမ်းထားပါတယ်။ အပြင်က နှင်းထုဟာ သူတို့ရဲ့အရပ်နီးပါးလောက်အထိ မြင့်တက်နေတာကြောင့် သူတို့ဟာ နှင်းတောထဲ ပိတ်မိနေခဲ့တာပါ။ နှင်းထုအရွယ်အစားကြောင့် သူတို့ဟာ အပြင်ထွက်ဖို့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး လူတရပ်စာလောက်နီးနီး မြင့်တက်နေတဲ့ နှင်းထုကို ဖောက်ထွက်ကာ ရာသီဥတုအခြေအနေကို လေ့လာခဲ့ရတာပါ။ ဆိုးရွားတဲ့ ရာသီဥတုအပြင် နှင်းတောင်ပြိုကျမယ့် အန္တရာယ်သတိပေးချက်လည်း ထုတ်ပြန်ထားပေမယ့် ဒီအရာတွေက သူတို့ရဲ့အလုပ်အပေါ် စိတ်အားထက်သန်မှုကို မတားဆီး နိုင်ခဲ့ပါဘူး။ ဒီလို အခြေအနေမျိုးမှာတောင် သူတို့တွေဟာ အပြင်ကဘေး ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်း ဒါမှမဟုတ် တောင်ထွတ်တွေအနီးမှာ ရွေ့လျားနေတဲ့ တိမ်အမျိုးအစားတွေကို ခွဲခြားခြင်းစတဲ့ သူတို့ရဲ့ တာဝန်ဖြစ်တဲ့ တိုင်းတာမှုတွေကို ခြောက်နာရီတကြိမ် အဆောက်အဦအပြင်ထွက်ကာ ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုခက်ခက်ခဲခဲ ရုန်းကန်ဆောင်ရွက်ရတဲ့ အခြေအနေကို သူတို့ထဲက တယောက်က မှတ်တမ်းတင် ဗွီဒီယိုရိုက်ကူးခဲ့တာဖြစ်ပြီး ၁၆၅ စင်တီမီတာရှိတဲ့ နှင်းကျမှု၊ အကန့်အသတ်ရှိတဲ့ မြင်နိုင်စွမ်းနဲ့ ပြင်းထန်တဲ့ လေတိုက်နှုန်း စတဲ့အခြေအနေကို မမှုဘဲ တာဝန်ကို ကျေပွန်စွာဆောင်ရွက်ခဲ့တဲ့ သူတို့ရဲ့ လုပ်ရပ်ကို အများစုက ချီးကျူးနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up