မုန်တိုင်းဘေးကကာကွယ်ရန် ထိုင်းတောင်ပိုင်းမှ ပြည်သူ ၃ သောင်းကျော် ရွှေ့ပြောင်း (ရုပ်သံ)

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း ပါဘက် (Pabuk) ဟာ ဒီကနေ့မနက်ပိုင်းက ထိုင်းပင်လယ်ကွေ့ကို ရောက်ရှိခဲ့ပြီး ညနေပိုင်းမှာတော့ ထိုင်းတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင်ဘက်ကို ဝင်ရောက်နိုင်တယ်လို့ ထိုင်းအမျိုးသား မိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီမုန်တိုင်းဟာ နခွန်းဆီထမရတ်ခရိုင် ဆီချွန်းမြို့နယ်နဲ့ ပါဖနန်းမြို့နယ်ကနေ စတင်ဝင်ရောက်မှာဖြစ်ပြီး တနာရီ ၈၅ မှ ၁၀၀ ကီလိုမီတာထိ တိုက်ခတ်နိုင်ကြောင်း၊ ဒါကြောင့် ဒေသတွင်းမှာ လေကြီးမိုးကြီးကျခြင်း၊ လေပြင်းတိုက်ခြင်း၊ တောင်ကျချောင်းရေစီး ပြင်းထန်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ထိုင်းတောင်ပိုင်းဒေသ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် မနေ့က အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ပြည်သူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့နေရာချထားရေး၊ ပင်လယ်ပြင်ထဲက လှေသင်္ဘောတွေ အကုန်ကမ်းပြန်ကပ်ရေး၊ မုန်တိုင်းအခြေအနေ မျက်ခြည်မပြတ် စောင့်ကြည့်ထုတ်ပြန်ရေးတွေ အတွက် ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာ အသီးသီးကို ညွှန်ကြားထားပါတယ်။ အဲဒီညွှန်ကြားချက်အရ ထိုင်းတောင်ပိုင်း ပင်လယ်နားနီး ပြည်သူတွေကို ရွှေ့ပြောင်း နေရာချထားပေးနေရာမှာ နခွန်းဆီထမရတ်ခရိုင်မှာဆိုရင် နခွန်းဆီထမရတ်၊ ထာ့ဆာလား၊ ဆီချွန်း၊ ထနွမ်၊ ပါထနန်၊ ဟိုဆိုင်း စတဲ့ မြို့နယ် ၆ မြို့နယ်က လူနာတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ပြည်သူ စုစုပေါင်း ၃ သောင်းကျော်ကို ကြိုတင်စီစဉ်ထားတဲ့ ယာယီစခန်းပေါင်း ၄၀ ဆီ ပြောင်းရွှေ့ ချထားခဲ့ပြီလို့ Workpoint News သတင်းမှာ ဖော်ပြပါတယ်။ အလားတူ ပတ္တနီခရိုင်ရှိ ပင်လယ်ကမ်းခြေ ကျေးရွာအုပ်စု ၂ စုက ပြည်သူပေါင်း ၅၀၀ ကျော်ကိုလည်း နောင်ကျစ် စာသင်ကျောင်းကို ရွှေ့ပြောင်းထားခဲ့ပြီလို့ ဆိုပါတယ်။ ဒီကနေ့ နောက်ဆုံးရအခြေအနေအရ ထိုင်းတောင်ပိုင်းဒေသ ဆုန်ခလာ၊ နာရာသီဝပ်၊ စူရတ်ဌာနီ၊ နခွန်းဆီထမရတ်ခရိုင်တွေမှာ မိုးတွေလေတွေ စတင်ရွာသွန်း တိုက်ခတ်နေပြီ ဖြစ်ပါတယ်။ ထိုင်းတောင်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က အင်အားပြင်း ဟယ်ရစ်မုန်တိုင်း တိုက်ခဲ့လို့ လူပေါင်း ၉၀၀ ကျော် သေဆုံးခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကလည်း ကေးလ်အမည်ရှိ မုန်တိုင်း ထပ်တိုက်ကာ လူပေါင်း ၄၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်လို့ True4U  တီဗွီသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up