အမေရိကန်ဝန်ကြီးနှင့် ရခိုင်ပါတီတို့တွေ့ဆုံ
နန်းမြနဒီ
·
September 10, 2012
အာရှပစိဖိတ်ရေးရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးစက်ပ်ယမ်နဲ့အဖွဲ့ဟာ စက်တင်ဘာလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ရခိုင်ပြည်ထဲမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို လာရောက် လေ့လာသွားပါတယ်။
ဒုလက်ထောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျိုးစက်ပ်ယမ်နဲ့ အဖွဲ့ဟာ စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (အာအန်ဒီပီ) က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပါတယ်။
အမေရိကန်ဝန်ကြီးနဲ့ တွေ့ဆုံရာမှာ ကိုယ်တိုင်ဦးဆောင်ပြောဆိုတဲ့ အာအန်ဒီပီပါတီ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးစံကျော်လှက သမိုင်း အထောက်အထားတွေနဲ့ ပါတီသဘောထားကို ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။
“အဓိကက ဘင်္ဂါလီတွေနဲ့ ဖြစ်တဲ့ကိစ္စက ဘာကြောင့် ဖြစ်တယ်ဆိုတာနဲ့ ပြေလည်ဖို့ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာတွေပါပဲ။ သူတို့က ကျနော်တို့ဆီက အချက်အလက်တွေကို လိုချင်တာပဲ ရှိပါတယ်။ အပိုတွေ သိပ်မပြောဘူး။ အဓိကကျတဲ့ အနေအထားလေးအပေါ်မှာပဲ ကျနော်တို့ ပြောဖြစ်တယ်။ အချိန်ကလည်း သိပ်မရတော့ ဒီမှာရှိတဲ့ ပြချင်တဲ့ စာရွက်စာတမ်းတွေ၊ သမိုင်း အထောက်အထား စာအုပ်တွေကို သူတို့ကိုကြည့်ဖို့ ဆိုပြီး လက်ဆောင်ပေးလိုက်ပါတယ်။”
အမေရိကန်ဝန်ကြီးကို နယ်စပ်ရေးရာဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက စစ်တွေခန်းမမှာ ဧည့်ခံတွေ့ဆုံပြီး ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေကို ဇယားကားချပ်တွေနဲ့ ရှင်းပြခဲ့ပါတယ်။
ဝန်ကြီး ဂျိုးစက်ပ်ယမ်နဲ့ အဖွဲ့ဟာ စစ်တွေမြို့နယ် ရွှေစေတီ ကျောင်းတိုက်မှာ ၀င်ရောက် ခိုလှုံနေတဲ့ ပဋိပက္ခဘေးရှောင် ဒုက္ခသည်တွေနဲ့ သွားရောက် တွေ့ဆုံခဲ့သလို အောင်မင်္ဂလာရပ်ကွက်က အစ္စလာမ်မိသားစုတွေရော၊ ဘောဒူဖ၊ မင်းဂံရပ်ကွက်နဲ့ သက္ကပြင် ကယ်ဆယ်ရေးစခန်းတွေပါ သွားရောက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဝန်ကြီး ဂျိုးစက်ပ်ယမ်နဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခရီးဆက်ထွက်ခွာဖို့ ရှိပြီး ကော့ဘဇားခရိုင်ထဲမှာရှိတဲ့ ဘဂါင်္လီဒုက္ခသည် စခန်းကိုလည်း သွားရောက်လေ့လာမယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနမှာလည်း ဖော်ပြသွားပါတယ်။