Home
မြန်မာသတင်း
တိုက်ကြီးတွင် တောဆင်ရိုင်းနှစ်ကောင်ကြောင့် နေအိမ်နှစ်လုံးပျက်စီး
DVB
·
December 22, 2018
တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စု၊ အလယ်မြောင်ကျေးရွာ၊ မာဂရီသစ်တောကြိုးဝိုင်း အကွက်အမှတ် ၃၇ မှာ ဒီဇင်ဘာ ၂၁ ရက်နေ့ညက တောဆင်ရိုင်းနှစ်ကောင် ၀င်ရောက်ဖျက်ဆီးခဲ့တာကြောင့် နေအိမ်နှစ်လုံးနဲ့ ဆန်၊ စပါး၊ အစားအသောက်တွေနဲ့ စပါးခင်းအချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ အိမ်ဖျက်ဆီးခံရတဲ့ ဦးကြည်စိုးက "ဆင်တွေက တောထဲမှာ မရှိတော့ဘူး။ ကျေးရွာနားတွေမှာ အနေများတယ်။ အဲနေ့က ဟိုဘက်ကအိမ်တွေကို အရင်ဝင်တာ၊ သူတို့ဘက်က မောင်းထုတ်လိုက်တော့ အိမ်ကိုပြေးဝင်ပြီး ဖျက်သွားတာ။ အိမ်ထဲက ဆန်အိတ်တွေနဲ့ စပါးအိတ်တွေကို စားသွားတယ်။ လူတွေက လင့်စဉ်ပေါ်တက်နေလို့ လွတ်သွားတာ။ ညနေဘက်နဲ့ညဘက်တွေ ဝင်လာပြီး မနက်ဆိုပြန်သွားကြတယ်။ သူတို့ဝင်ဖျက်ပြီး စားသောက်တော့လည်း မမောင်းရဲဘူးလေ၊ ကိုယ့်အသက်တော့ တန်ဖိုးထားတာပေါ့။ ပြန်ထွက်သွားမှ လင့်စင်ပေါ်က ဆင်းရတယ်"လို့ပြောပါတယ်။ ၂၀၀၁ ခုနှစ်ကစ တောဆင်ရိုင်းတွေ ဝင်ရောက်နေတာဖြစ်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာတွေအနေနဲ့ ဆင်တွေအတွက် စားကျက်စီစဉ်ပေးတာတွေနဲ့ ထိန်းသိမ်းပေးစေချင်တယ်လို့ ဖလုံဘူတာကျေးရွာ ရပ်မိရပ်ဖ ဦးအုန်းမြင့်က ပြောပါတယ်။ "အရင်က အကောင် ၅၀ လောက်အထိ ဝင်တယ်။ လူတွေစိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို ဖျက်ဆီးစားသောက်တယ်။ တနှစ်ကို အနည်းဆုံးတယောက်ကနေ သုံးယောက်အထိ ဆင်နင်းခံရလို့ သေဆုံးတာတွေရှိတယ်။ လွန်ခဲ့တဲ့သုံးနှစ်ကစပြီး ဆင်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေက လျှပ်စစ်ခြံစည်းရိုးကာတာတွေ လုပ်ဆောင်ပေးတဲ့အတွက် ဆင်တွေလည်း နည်းနည်းတန့်သွားတာတွေ ရှိပါတယ်။ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေအနေနဲ့ ဆင်တွေအတွက် သီးခြားစားကျက်ထားရှိတာတွေ လူတွေနဲ့ဝေးတဲ့နေရာမှာ စီစဉ်ပေးစေချင်တယ်။" သက်ဆိုင်ရာဌာနတွေအနေနဲ့ တောထဲမှာ စခန်းချစောင့်ကြည့်တာတွေ ပြုလုပ်နေတယ်လို့ မြောက်ပိုင်းခရိုင် သစ်တောရဲတပ်ဖွဲ့က ရဲအုပ် ထွန်းထွန်းဝင်းအေးက ပြောပါတယ်။ "၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ တောဆင်ရိုင်းအသတ်ခံရတာတွေ၊ လူတွေနဲ့ဆင်ထိခိုက်မူတွေ၊ စိုက်ခင်းနဲ့ လူနေအိမ်ဖျက်ဆီးတာတွေ အများဆုံးဖြစ်ခဲ့တဲ့အတွက် ကျနော်တို့ သစ်တောရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ သစ်ထုပ်လုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးပိုင်းတွေ ပူးပေါင်းပြီး ဆင်တွေကို ကာကွယ်စောင့်ရှောက်တာတွေ၊ လှည့်ကင်းလှည့်တာတွေပြုလုပ်ပြီး စောင့်ကြည့်နေတဲ့အတွက် ဒီနှစ်ပိုင်းထဲမှာ ဆင်အသတ်ခံရတာတွေ၊ လူနဲ့ဆင်ထိခိုက်တာတွေ နည်းပါးလာပါတယ်။ ရံဖန်ရံခါလောက်သာ လူတွေရဲ့နေအိမ်တွေကို ဖျက်ဆီးစားသောက်တာလာက်ပဲ ရှိတော့တယ်။ ဆက်လက်ပြီးတော့လည်း စောင့်ကြည့်တာတွေ ပြုလုပ်နေတယ်"လို့ပြောပါတယ်။ သတင်း - မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024