Home
မြန်မာသတင်း
တိုင်တန်းချက် ၂၈၀၀ ကျော် လူ့အခွင့်အရေးကော်မရှင် ရရှိ၊ သုံးပုံတပုံခန့် စိစစ်ခဲ့
DVB
·
December 9, 2018
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဆီကို အခုနှစ် နိုဝင်ဘာလအထိ တိုင်တန်းချက်ပေါင်း ၂၈၀၀ ကျော်ရခဲ့ပြီး သုံးပုံတပုံလောက်ကို စိစစ်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ကော်မရှင်ရဲ့ တနှစ်တာကာလအတွင်း လူ့အခွင့်အရေးမြှင့်တင်ရေး၊ ကာကွယ်ရေးတို့နဲ့ ပတ်သက်ပြီး ဆောင်ရွက်တာတွေကို အများပြည်သူကို အစီရင်ခံ တင်ပြလိုက်တာပါ။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက နိုဝင်ဘာလအထိ တိုင်တန်းချက်ပေါင်း ၂၈၁၈ စောင် ရခဲ့ပြီး ၉၆၆ စောင်ကို စိစစ်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုင်တန်းချက်တချို့နဲ့ ပတ်သက်ပြီး ကွင်းဆင်း စစ်ဆေးတာ ၁၁ ကြိမ် လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ကော်မရှင်ဟာ နိုဝင်ဘာလအထိ အကျဉ်းထောင် ၂၅ ခု၊ ကျောက်ထုတ်စခန်း ၁၀ ခု၊ စိုက်ပျိုးမွေးမြူရေးအတတ်သင်စခန်း ၁၂ ခု၊ ရဲစခန်းအချုပ်ခန်း ၃၂ ခု၊ တရားရုံးအချုပ်ခန်း ၃၂ ခု၊ ဆေးရုံအချုပ်ခန်း ၁၅ ခုနဲ့ ဘိုးဘွားရိပ်သာ ၅ ခုတို့ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ ကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို သက်ဆိုင်ရာဌာနကို လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ ပေးပို့ခဲ့တဲ့အပြင် အများပြည်သူသိရှိဖိုလည်း ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသကို သွားရောက်ပြီး လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာတာ၊ ကချင်ပြည်နယ် ပူတာအို၊ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်းမြို့တို့က နေရပ်စွန့်ခွာ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာပြီး တွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတရုံးကို အစီရင်ခံခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့အတွက် မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာ ၁၂ မျိုးနဲ့ ဘာသာပြန်ဆို ဖြန့်ဝေခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။ အချက်ပေါင်း ၃၀ ပါတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှာ ကုလသမဂ္ဂက အတည်ပြု ပြဋ္ဌာန်းခဲ့တာကြောင့် အခုဆို နှစ် ၇၀ ပြည့်ပြီဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024