Home
မြန်မာသတင်း
ရန်ကုန်မြို့သစ်အပါအ၀င် စီမံကိန်း ၂၃ ခုကို လွှတ်တော် အတည်မပြုသေး
စိုးမိုးအောင်
·
December 4, 2018
ရန်ကုန်မြို့သစ်အပါအ၀င် စီမံကိန်း ၂၃ ခုကို အသေးစိတ် မတင်ပြတာကြောင့် လွှတ်တော်က အတည်မပြုသေးတာလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောပါတယ်။ ဒီကိစ္စရန်ကုန်တိုင်းလွှတ်တော်အနေနဲ့ သိရှိမှု အားနည်းခဲ့တဲ့အပြင် ရန်ကုန်တိုင်း အစိုးရကလည်း လွှတ်တော်ကို မရှင်းပြတာကြောင့် YBS ဘတ်စ်ကား အစီး ၁၀၀၀ ၀ယ်ယူတာနဲ့ ပတ်သက်ပြီး လွှတ်တော်က သိရှိခြင်းမရှိခဲ့ဘူးလို့ ဒေါ်စန္ဒာမင်းကပြောပါတယ်။ ဒီအားနည်းချက်အပေါ် သင်ခန်းစာယူပြီး နောက်လာမယ့် ဘတ်ဂျက်တွေအပေါ် သေသေချာချာသိရှိအောင်လုပ်နေတဲ့အတွက် စီမံကိန်း၂၃ခုကို လွှတ်တော်က အတည်မပြုပေးဘူး လို့ ဒေါ်စန္ဒာမင်းကဆိုပါတယ်။ “စီမံကိန်းတွေကို ခေါင်းစဉ်အနေနဲ့ပဲ ဖော်ပြထားတယ်။ တချို့ကိစ္စလေးတွေကို တကြောင်းနှစ်ကြောင်းပဲဖော်ပြတယ်။ ဥပမာ ရန်ကုန်မြို့သစ် စီမံကိန်းလိုမျိုး မြို့သစ်ကြီး တခုတည်မယ်ဆိုတဲ့ ကိစ္စမှာတောင် ကျမတို့ကို စာကြောင်းလေး တကြောင်း နှစ်ကြောင်း လောက်လေးပဲ ဖော်ပြပြီးတော့ ကျမတို့လွှတ်တော်မှာ တင်ပြတဲ့ ဟာတွေကို ကျမတို့က ဒီစီမံကိန်းတွေကိုမူအားဖြင့် လက်ခံတယ်။ သို့သော်လည်း စီမံကိန်းတွေ လုပ်ဆောင်မယ်ဆိုရင် ကျမတို့ကို အသေးစိတ်တင်ပြပါဆိုတဲ့ဟာကို လွှတ်တော်မှာ ကျမတို့က အတည်ပြုချက် ယူထားပါတယ်။’’ ရန်ကုန်တိုင်းအစိုးရကနေ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ရန်ကုန်မြို့သစ်အပါအ၀င် စီမံကိန်း ၂၃ခုကို လုပ်ဆောင်ဖို့အတွက် လွှတ်တော်ကနေအတည်ပြုပေးဖို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ စီမံကိန်းဥပဒေကြမ်းမှာ တင်သွင်းခဲ့ပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ဖြည့်စွက်ဘတ်ဂျက်ငွေကျပ် ၁၃၄ဘီလီယံကို ရန်ကုန်တိုင်း အစိုးရက သယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ အိမ်ယာစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လွှတ်တော်က အတည်ပြုထားတယ်လို့လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အစိုးရမီဒီယာတွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြောကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024