Home
မြန်မာသတင်း
ကျောင်းသားတပ်မတော်မြောက်ပိုင်း ဒုဥက္ကဋ္ဌအပါအ၀င် ၃ ဦး ဖမ်းဆီးခံရ
ပိုင်စိုး
·
December 1, 2018
ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်းရဲ့ ဒု ဥက္ကဋ္ဌ အပါအ၀င် ၃ ဦးကို ကချင်ပြည်နယ် မိုးညှင်းမြို့မှာ  တပ်မတော်က ဖမ်းဆီးပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ရဲစခန်းမှာ တရားစွဲဆိုထားပါတယ်။ ABSDF မြောက်ပိုင်းဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ ဗိုလ်မောင်ဦးနဲ့ ကိုမောင်ကိန်း (ခ) သန်းထိုက်အောင်တို့ကို နိုဝင်ဘာ ၃၀ ရက်နေ့က မိုးညှင်းမြို့မှာ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ သူတို့ဟာ ကေအိုင်အေထိန်းချုပ်နယ်မြေမှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်တာကြောင့် ပုဒ်မ ၁၇ (၁) နဲ့ အရေးယူပေးဖို့  တပ်မတော်ကနေ မိုးညှင်းမြို့မရဲစခန်းကို တိုင်ကြားထားပါတယ်။ ဦးအောင်ဆွေဦးဟာ မိုးညှင်းမြို့ခံတဦးဖြစ်ပြီး ABSDF အဖွဲ့ဝင်တဦးရဲ့ ဈာပနကို လာရောက်စဉ်မှာ အခုလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ မိုးညှင်းငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ဝင် ကိုစိန်အေးက “အသုဘက ၂၉ ရက်က၊ သူတို့က ဒီနေ့ ပြန်ဖို့လုပ်ထားတာ။ အဲဒါ မနေ့ညက စရဖက ရဲစခန်းမှာ ခေါ်စစ်တယ်။ ပြီးတော့ အမှုဖွင့်ပြီး အချုပ်ထဲ ထည့်ထားလိုက်တာ။ မိုးညှင်းရဲစခန်းမှာပါ။” ABSDF မြောက်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ပေါက်ကွေးဟာ မိုးညှင်းမြို့ နေအိမ်မှာ ကွယ်လွန်သွားတာကြောင့် နာရေးကို လိုက်ပို့ဖို့လာတာလို့လည်း ဆိုပါတယ်။ ABSDF ဗဟိုကော်မတီဝင်တယောက်ဖြစ်တဲ့ ရဲဘော်မင်းဌေးက “ဒုဥက္ကဋ္ဌ ကိုမျိုးဝင်း ပြောတာကတော့ မနေ့က NRPC ကို ဆက်သွယ်တော့ အောက်ခြေတပ်အချင်းချင်းတွေ့ပြီး ညှိလိုက်ပါလို့ ပြောတယ်တဲ့။ တပ်မတော်ဘက်ကတော့ ဘယ်လို စဉ်းစားလဲမသိဘူး။ တရားစွဲတာက အပစ်ရပ် လက်မှတ်မထိုးသေးတဲ့နယ်မြေမှာ နေတယ်ဆိုပြီး ပုဒ်မ ၁၇ (၁) နဲ့ စွဲတာလေ” လို့ ပြောပါတယ်။ မိုးညှင်းရဲစခန်းတာဝန်ရှိသူတယောက်ကတော့ ခလရ ၁၅ တပ်ရင်းက ဗိုလ်ကြီး သီဟစိုးက တရားလိုလုပ် တိုင်တန်းတာဖြစ်ပြီး မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။ အခုလို ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌအပါအ၀င် ၃ ဦး ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း ABSDF ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေးဟာ ဗန်းမော်မြို့မှာ ၁၇(၁) နဲ့ တရားစွဲဆိုခံရပြီး ၈ လလောက် ချုပ်နှောင်ခံခဲ့ရပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024