Home
မြန်မာသတင်း
ငါးဖမ်းလှေအများစု တည်ဆဲဥပဒေနှင့်မညီဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ပြော
DVB
·
November 16, 2018
ပင်လယ်ပြင်မှာ ငါးဖမ်းဆီးနေတဲ့ ငါးဖမ်းလှေအများစုဟာ တည်ဆဲ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုမြို့နယ်ရှိဒေသခံတွေ၊ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။ "ကျမအနေနဲ့ အတွင်းဝန်၊ ၀န်ကြီးနဲ့ ငါးလုပ်ငန်းကညွန်ချုပ်နဲ့တွေ့ပြီး ငါးဖမ်းလှေကိစ္စ တွေကို ဆွေးနွေးခဲ့တယ်။ ကျမတို့ဆီမှာရှိနေတဲ့ ငါးဖမ်းလှေတွေက တည်ဆဲဥပဒေနှင့် ကိုက်ညီမှုမရှိပါဘူး။ ဥပဒေနှင့်ညီအောင်လုပ်ကြပါ။ သက်ဆိုင်တဲ့ ငါးလုပ်ငန်းဦးစီးဌာနကလည်း ပြည်သူတွေကို တည်ဆဲဥပဒေနှင့်အညီလုပ်ဆောင်ဖို့ အသိပညာပေးရမယ်။ ဒီလိုအသိပညာပေးရာမှာ ကိုယ်တိုင်လုပ်ကိုင်နေတဲ့သူတွေကို အသိပညာပေးရမယ်၊ အဘွားအိုတွေ၊ ကလေးကိုထိုင်ခိုင်းပြီး အသိပညာပေးပြီး ပြီးဆိုပြီး ကျမတို့ဆီကို ဓာတ်ပုံလာပြတာ မလိုချင်ဘူး။ တကယ့်ရေလုပ်သားတွေကို ဥပဒေဘောင်အတွင်းရှိနေအောင် အသိပညာပေးပါ" လို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောပါတယ်။ ကမ်းနီးရေပြင်အတွင်း ကမ်းဝေးလှေကြီးတွေ ငါးဖမ်းတာ၊ ပါးကျေးကျံပိုက်တွေ အသုံးပြု ငါးဖမ်းနေတာတွေကို သတိပေးခဲ့ပြီး ပင်လယ်ပြင်စိုးမိုးရေး ဆောင်ရွက်နေသူတွေ ဥပဒေအတိုင်းအရေးယူပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကင်းမွန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ ဦးဌေးလှိုင်က “ရေလုပ်သားတွေက ထောင်နှုတ်ခမ်းမှာနေပြီး လုပ်ကိုင်စားသောက်နေကြရတယ်။ လိုင်စင်မရှိတဲ့ ငါးဖမ်းလှေ ၅၀၀ ခန့်ရှိနေတယ်။ သူတို့လိုင်စင်မလုပ်ချင်တာ မဟုတ်ဘူး၊ လိုင်စင်မလုပ်ပေးလို့ ဒီလိုအဖြစ်မျိုး ကြုံနေရတာပါ။ ကျနော်တို့ ဥပေဒဘောင်အတွင်းမှာ လုပ်ကိုင်ချင်ပါတယ်။ ဥပဒေဘောင်အတွင်းကနေ အကာအကွယ်ယူပြီး လုပ်ငန်းလုပ်ကိုင်ချင်ပါတယ်။ မြေပြင်အခြေအနေမှာ ဖြစ်ပျက်နေတာတွေကို လွတ်တော်ကိုယ်စား လှယ်များသိအောင်လုပ်ပြီး ပြည်ထောင်စုအဆင့်ကို တင်ပြပေးစေချင်ပါတယ်” လို့ ပြောပါတယ်။ ၀န်ထမ်းတွေအနေနဲ့ ပြည်သူကို ဗဟိုပြုလုပ်ကိုင်ဖို့လိုအပ်ကြောင်း၊ ဒေခသံတွေအသံကို အရေးပေးလုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း ၀န်ကြီးချုပ်က ကျွန်းစုဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ တနင်္သာရီတိုင်းတွင်းမှာ တရားဝင် ကမ်းဝေးငါးဖမ်းလှေ ၁၁၄၅ စီးရှိပြီး မြိတ်ခရိုင်အတွင်းမှာ ကမ်းနီးငါးဖမ်းလှေ ၅၂၁၆ စီး ရှိကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးဌာနမှ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024