တပ်ကုန်းမြို့တွင် အမျိုးသား ၁ ဦး ပြတ်ရှဒဏ်ရာများဖြင့် သေဆုံး
DVB
·
November 4, 2018
နေပြည်တော်၊ တပ်ကုန်းမြို့မှာ အမျိုးသား ၁ ဦး ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေမှုကို ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က တပ်ကုန်းမြို့၊ ဆရာစံရပ်ကွက်နေ ကိုသိန်းဇော်ဝင်းဟာ ကျီးနီကန် သုသာန်ဟောင်းအနီးရှိ လယ်ထဲကို သွားရောက်စဉ် မင်းနိုင်ထွန်း (ခ) တရုတ်ကြီး (၃၅) နှစ်ဟာ မြေစိုက်တဲအနီးမှာ နဖူး၊ အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြား၊ ယာမေး/ပါး၊ ဝဲလည်ပင်း ပြတ်ရှဒဏ်ရာ ၇ ချက်နဲ့ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အခင်းမဖြစ်ပွားမီ ရက်ပိုင်းက သေဆုံးသူနဲ့အတူ အရက်သေစာ သောက်စားခဲ့ကြတဲ့ အမှုမှ မသင်္ကာတရားခံ လှဝင်း (ခ) ဝဏ္ဏကို နဲ့ ချစ်ဦးမောင်(၂၅) နှစ် တို့အား ဥတ္တရ ခရိုင်ရဲတပ်ဖွဲ့နဲ့ မှုခင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး တပ်ကုန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) နဲ့ အမှုဖွင့်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။