ကျား-မ၊ လူမျိုးရေး ခွဲခြားမှု မရှိရေး ဂူဂဲလ် ၀န်ထမ်းများ ဆန္ဒပြ

အာရှ၊ ဥရောပနဲ့ မြောက်အမေရိကတလွှားမှာရှိတဲ့ ဂူဂဲလ်ကော်ပိုရေးရှင်း ၀န်ထမ်းနဲ့ ကန်ထရိုက်တာတွေဟာ နိုဝင်ဘာ ၁ ရက်နေ့က လုပ်ငန်းခွင်အတွင်း ခေတ္တခဏ ဆန္ဒပြခဲ့ပါတယ်။ သူတို့ဟာ လုပ်ငန်းခွင်အတွင်း ကျား-မ ခွဲခြားမှု၊ လူမျိုးရေး ခွဲခြားမှုနဲ့ အထိန်းအကျောင်းမဲ့ အုပ်ချုပ်ရေးအာဏာ ကျင့်သုံးမှုတို့နဲ့ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒပြကြတာပါ။ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဂူဂဲလ်ဌာနချုပ်မှာတော့ ရာနဲ့ချီတဲ့ ၀န်ထမ်းတွေဟာ မြေကွက်လပ်မှာ စုဝေးခဲ့ကြတာပါ။ ဆန္ဒပြသူတဦးက “အပြုအမူဆိုးတဲ့လူကို ဆုငွေပေးစရာ မလိုဘူး” ဆိုတဲ့ စာသားကို ရွတ်ဖတ်ပြပါတယ်။ တခြားတဦးကလည်း “အမျိုးသမီး အခွင့်အရေးဟာ အလုပ်သမား အခွင့်အရေးဖြစ်တယ်”လို့ ပြောကြားပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲခံရတဲ့ ဂူဂဲလ်အကြီးတန်း ဒုဥက္ကဋ္ဌ အန်ဒီ-ရူဘင်ကို   ၂၀၁၄ ခုနှစ်မှာ ကော်ပိုရေးရှင်းက လုပ်သက်ပင်စင်ကြေး ဒေါ်လာသန်း ၉၀ ပေးခဲ့တယ်ဆိုပြီး နယူးယောက်တိုင်းမ်စ် သတင်းစာကဖော်ပြပြီးနောက်မှာ  ဒီဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာပါ။ ဆန္ဒပြပွဲတွေဟာ ကမ္ဘာအနှံ့ရှိ ဒါဇင်နဲ့ချီတဲ့ ဂူဂဲလ်ရုံးတွေကို ပျံ့နှံ့သွားခဲ့တယ်လို့ ဆန္ဒပြပွဲ စီစဉ်သူတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up