ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ရေရှည်ရပ်တည်ရန် ငွေကြေးအခက်အခဲဖြစ်နေ
DVB
·
October 26, 2018
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ ရေရှည်ရပ်တည်နိုင်ဖို့ ငွေကြေးအဓိက အခက်အခဲဖြစ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဘကကျောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က မိန့်ပါတယ်။
သလ္လာလူငယ်ဖွံ့ဖြိုးရေး ပရဟိတအဖွဲ့ကနေ ဦးဆောင်ကာ ပထမဆုံးအကြိမ်အဖြစ် မုံရွာ လူငယ်အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲကို မုံရွာမြို့ ကန်ဦးဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှာ အောက်တိုဘာ ၂၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဒီပွဲကို တက်ရောက်လာတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးကောသလ္လာဘိဝံသက ပွဲအပြီးမှာ မိန့်ဆိုခဲ့တာပါ။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း ၁၃၂ ကျောင်းရှိပြီး အခုနှစ်အတွင်း ငွေကြေးအခက်အခဲတွေကြောင့် ၁၃ ကျောင်း ရပ်နားသွားပြီလို့လည်း သိရပါတယ်။
ဆွေးနွေးပွဲမှာတော့ ဝါရင့်ပါမောက္ခတွေ၊ ပညာသင်ဆုရရှိဖူးသူတွေက လက်တွေ့သင်ကြားပြ သပေးပြီး တက်ရောက်သူတွေအတွက် အမှန်တကယ်အကျိုးရှိစေမယ်လို့ ပွဲစီစဉ်သူ သလ္လာလူငယ်ဖွံ့ဖြိုးရေး ပရိဟိတအဖွဲ့က ကိုဇော်ဝင်းထက်က ပြောပါတယ်။
မုံရွာမြို့ မဟာဝံသ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ဆရာမ မမေဇင်မွန်က “ဆွေးနွေးပွဲက တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးခါစ လူငယ်တွေ၊ တက္ကသိုလ်အသီးသီးမှာ တက်ရောက်ပညာသင်ကြားနေသူတွေ၊ ဘွဲ့ရပြီး အလုပ်အကိုင်မရှိသေးသူတွေ၊ နိုင်ငံခြားမှာ ဘွဲ့လွန်တက်ရောက်ချင်သူတွေအတွက် ရည်ရွယ်ကာ ပြုလုပ်နေတာ”လို့ ပြောပါတယ်
ဒီဆွေးနွေးပွဲကို စိတ်ပါဝင်စားတဲ့ လူငယ် ၅၀ ဦးလောက် တက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ဆရာတော်တွေလည်း တက်ရောက်ကာ သြဝါဒစကားတွေ မိန့်ကြားခဲ့ကြပါတယ်။