ရက်ပ်အဆိုတော် နီကီမီနာ့ဂ်ျနှင့် ကာဒီဘီ နယူးယော့ဖက်ရှင်ပါတီတွင် ခိုက်ရန်ဖြစ်

နာမည်ကျော်အမျိုးသမီး ရက်ပ်အဆိုတော်နှစ်ဦးဖြစ်တဲ့ နီကီမီနာ့ဂ်ျနဲ့ ကာဒီဘီတို့ဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၈ ရက်နေ့ညပိုင်းမှာ လုပ်ခဲ့တဲ့ နယူးယော့ ဖက်ရှင်ပါတီမှာ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ Daily Record သတင်းမှာ ဖော်ပြပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒီကိစ္စကို ကာဒီဘီဘက်က စခဲ့တာလို့သိရပြီး နီကီက အွန်လိုင်းမှာ သူမနဲ့ပတ်သသက်တဲ့ အလိမ်အညာစကားတွေကို ပြောဆိုခဲ့တဲ့အပေါ် ဖြေရှင်းဖို့ နီကီရဲ့ အနားကို တိုးကပ်လာခဲ့တာလို့ သိရပါတယ်။ အနားကပ်လာတဲ့ ကာဒီဘီရဲ့ မျက်နှာကို နီကီရဲ့ လုံခြုံရေးတွေက တံတောင်နဲ့ တွတ်ခဲ့ပြီး နောက်ပိုင်းမှာ ကာဒီဘီက သူမစီးလာတဲ့ ဖိနပ်အနီနဲ့ နီကီကို ပစ်ပေါက်ခဲ့တယ်လို့လည်း TMZ သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်အပြီးမှာ လုံခြုံရေးတွေက ကာဒီဘီကို အပြင်ဘက် ဆွဲခေါ်ခဲ့ကြပြီး ခြေဗလာနဲ့ အပြင် ရောက်သွားတဲ့ ကာဒီဘီရဲ့မျက်နှာမှာလည်း သိသာထင်ရှားတဲ့ အစင်းကြောင်းတခု ပေါ်ပေါက်နေတာ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်မှာတော့ နီကီမီနာ့ဂ်ျဟာ တစုံတရာ ထိခိုက်သွားတဲ့ပုံစံမျိုးတော့ မရှိပါဘူး။ ဒီကိစ္စကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေကတော့ အဆိုတော်နှစ်ဦးကြားက ရန်ပွဲဟာ ခရစ္စတီးနား အဂွီလီယာ သီဆိုဖျော်ဖြေ နေချိန်မှာ ပေါ်ပေါက်ခဲ့တာလို့ သိရပြီး ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်တွေမှာလည်း ကာဒီဘီကို နီကီရဲ့သူငယ်ချင်းတဦးဖြစ်တဲ့ ရာအလီက တွန်းလိုက်တာမျိုး မြင်တွေ့ခဲ့ရပါတယ်။ ဒီကိစ္စပြီးတဲ့အချိန်မှာ ကာဒီဘီက သူ့ပြဿနာကို လူမှုကွန်ရက်ပေါ်မှာ ဒေါသတကြီးပေါက်ကွဲခဲ့ပေမယ့် နီကီမီနာ့ဂ်ျကတော့ သူ့ရဲ့ပုံကိုပဲတင်ကာ ဒီကိစ္စအပေါ် သိပ်အလေးမထားကြောင်းပြသခဲ့ပါတယ်။ ကာဒီဘီရဲ့ရေးသားမှုတွေမှာ နီကီဟာ အနုပညာရပ်ဝန်းက နာမည်ကျော်တွေကို သူမနဲ့ အဆက်အဆံမလုပ်ဖို့ စည်းရုံးပြောဆိုခဲ့ပြီး အဆက်အဆံလုပ်တဲ့သူတွေကိုလည်း အဆက်ဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ရေးသားပြောဆိုထားပါတယ်။ နာမည်ကျော် အဆိုတော်နှစ်ဦးဖြစ်တဲ့ သူမတို့နှစ်ဦးစလုံးဟာ သူတို့ရဲ့သီချင်းစာသား တွေမှာ တဦးကိုတဦး ဝေဖန်တိုက်ခိုက်ခဲ့တဲ့ စကားလုံးတွေ ထည့်သွင်းရေးသား ခဲ့သူတွေ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို အရင်ကတည်းက သတင်းသမားတွေ၊ ပရိတ်သတ်တွေက သတိပြုမိခဲ့ကြပေမယ့် အဆိုတော်နှစ်ဦးကတော့ သူတို့နှစ်ဦးကြားမှာ ဘာကိစ္စမှမရှိကြောင်း အစောပိုင်းက ငြင်းဆိုခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up