Home
ဆောင်းပါး
မြန်မာ့ငြိမ်းချမ်းရေးမော်ဒယ် အသစ်လား
DVB
·
September 6, 2018
သြဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းပိုင်းကစပြီး ကရင်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲသတင်းတွေ ပြန်ကြားလာရသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲ သတင်းတွေလည်း တပြိုင်တည်းထွက်တယ်။ တိုက်ပွဲသတင်းတွေ အရင်ပြောရရင် ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း သြဂုတ်လ ၂၃ ရက်နေ့ကစပြီး စက်တင်ဘာလ ၂ ရက်နေ့အထိ တပ်မတော်နဲ့ ကေအန်ယူတပ်အကြား ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဝဲကြီးနဲ့ ကန်ညီနောင်ကျေးရွာတဝိုက်မှာ ကေအန်ယူ တပ်မဟာ ၅ နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားတယ်။ တိုက်ပွဲဖြစ်ရတာက ဒီကေဘီအေ ခွဲထွက်အဖွဲ့တခုက တပ်မဟာ ၅ နယ်မြေထဲ ဝင်လာပြီး မွှေလို့ တပ်မတော်က လိုက်တိုက်ရင်း နှစ်ဖက် တိုက်ပွဲဖြစ်တာလို့ ဆိုတယ်။ ဒါက တပ်မတော်နဲ့ အပစ်ရပ် ကေအန်ယူတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲသတင်း။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနဲ့ နမ္မတူဘက်ကျတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်တယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) ပူးပေါင်းအဖွဲ့က တဖက်၊ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့က တဖက် တိုက်ပွဲဖြစ်တယ်။ တိုင်းရင်းသားတပ်ဖွဲ့အချင်းချင်း နယ်မြေလုရင်း တိုက်ပွဲတွေဖြစ်တာဖြစ်ပြီး ကြားက ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးကြရတယ်။ ကရင်နဲ့ ရှမ်းမြောက်က တိုက်ပွဲသတင်းတွေဟာ အသစ်တွေမဟုတ်ဘဲ မကြာခဏ ကြားကြားနေရတဲ့ သတင်းတွေ ဖြစ်နေပြီး ဒေသခံတွေကတော့ တိုက်ပွဲဖြစ်လိုက် ထွက်ပြေးလိုက်၊ တိုက်ပွဲသံငြိမ်သွားလိုက် ရွာပြန်နေလိုက်နဲ့ သံသရာလည်နေကြရှာတယ်။ တပ်မတော်နဲ့ ကေအန်ယူ တိုက်ပွဲကတော့ နှစ်ဖက် တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးလိုက် တိုက်ပွဲတွေရပ်သွားလိုက် ရှိတတ်ပေမယ့် ရှမ်းမြောက်တိုက်ပွဲကတော့ နှစ်ဖက်ပါ တပ်ဖွဲ့ သုံးခုစလုံး ဒီနေ့ထိ ညှိနှိုင်းဆွေးနွေးတာ မတွေ့ရဘဲ တိုက်ပွဲသံသရာ ရှည်နေတယ်။ တိုက်ပွဲသတင်းတွေ ကြားနေရသလို ဒီအတောအတွင်းမှာပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သတင်းတွေလည်း ထွက်တယ်။ နေပြည်တော်က ဆွေးနွေးပွဲသတင်းက စရရင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့ရဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲကို သြဂုတ် ၃၀ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပခဲ့တယ်။ ဆွေးနွေးပွဲမှာ အဓိကသုံးချက် ဆွေးနွေးတယ်။ တစ်အချက်က အတွင်းရေးမှူးအဖွဲ့ရဲ့ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့၊ နှစ်အချက်က နိုင်ငံရေး ဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းလမ်းညွှန်၊ လုပ်ထုံးလုပ်နည်းတွေကို ပိုပြီး တိတိကျကျလုပ်နိုင်ဖို့၊ သုံးအချက်က ညီလာခံကျင်းပတဲ့ အခင်းအကျင်း ပုံစံတွေမှာ လုပ်ငန်းကော်မတီရယ်၊ နည်းပညာကျွမ်းကျင်သူ အထောက်အကူပြုတွေရဲ့ အခန်းကဏ္ဍ စတဲ့ အချက်သုံးခု ဆွေးနွေးတယ်။ အဲဒီဆွေးနွေးပွဲကနေ ပြီးခဲ့တဲ့ ဇူလိုင်လထဲ လုပ်ခဲ့တဲ့ တတိယပင်လုံဟာ ပြီးခဲ့တဲ့နှစ်ထဲ လုပ်ခဲ့တဲ့ ဒုတိယပင်လုံလောက် အောင်မြင်မှုမရှိဘူး ဆိုတာကိုလည်း အစိုးရဘက်က ဝန်ခံသွားတယ်။ နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ သဘောတူညီချက် တော်တော်များများ ရပါတယ်။ (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးမှာ သဘောတူညီချက် နည်းနည်းလေး လျော့သွားတဲ့အပြင် အရေးကြီးတဲ့ အချက်အလက်တွေ မရခဲ့ပါဘူးလို့ အစိုးရပိုင်သတင်းစာကို ပြောသွားတယ်။ ချုပ်ပြောရရင် အစိုးရဘက်က နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဖို့ ခြေလှမ်းစတင်လိုက်တာဖြစ်ပြီး မူဘောင်ပြင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ ဘက်ကလည်း လိုလားတောင်းဆိုထားတာ ရှိတယ်။ ဒီအတွက်လည်း အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဟာ ချင်းမိုင်မှာ စက်တင်ဘာ ၈ ရက်ကစပြီး ညှိနှိုင်းဆွေးနွေးကြဖို့ရှိတယ်။ တပ်ဖွဲ့ ၁၀ ခုရဲ့ ထုတ်ပြန်ချက်အရ ချင်းမိုင်ဆွေးနွေးပွဲအတွင်းမှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (Framework for Political Dialogue) ပြန်လည်သုံးသပ်ခြင်း အပါအဝင် တပ်ဖွဲ့တို့ရဲ့  ရှေ့ဆက်ဆောင်ရွက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့ သိရတယ်။ အစိုးရနဲ့ အပစ်ရပ် လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားတပ်ဖွဲ့ ၁၀ ခုတို့အနေနဲ့ နောက်အရွေ့တခုဆီ ဆက်လက်ချီတက်နေချိန်မှာ လက်မှတ်မထိုးသေးတဲ့ တပ်ဖွဲ့တို့ဘက် ငဲ့ကြည့်တော့ စက်တင်ဘာ ၅ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမှာ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ရခိုင့်တပ် AA၊ တအာန်းပလောင်တပ် TNLA နဲ့ ကိုးကန့်တပ် MMDAA စတဲ့ အဖွဲ့သုံးဖွဲ့တို့ ပထမဆုံးအကြိမ် သီးခြားတွေ့ဆုံတယ်ဆိုတဲ့သတင်း ထွက်တယ်။ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းတုန်းက တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ကေအိုင်အိုတို့ တရုတ်မှာပဲ တွေ့ဆုံခဲ့ကြတုန်းကတော့ ဆွေးနွေးပွဲ မအောင်မြင်ခဲ့ဘူး။ ကေအိုင်အိုတပ်ဖွဲ့ဘက်က အချက် ၆ ချက် တင်ပြခဲ့တယ်။ (၁) ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ချုပ်ဆိုခဲ့သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့၏ နှစ်ဦးနှစ်ဖက် နားလည်သဘောတူညီချက်များ အပေါ်တွင် အခြေခံပြီး အပစ်အခတ်ရပ်စဲရေးကိစ္စ ဆက်လက်ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော ၂၀၁၃ ခုနှစ်၊ မေလ (၃၀) နှင့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက် သဘောတူညီချက်များကိုလည်း ဆက်လက်ထိန်းသိမ်း လေးစားလိုက်နာရန်။ (၂) အထက်ဖော်ပြပါ သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ရာတွင် ရေးသားဖော်ပြခြင်းမရှိသော ကြိုတင်ချုပ်ချယ် ကန့်သတ်ချက်များ မထားရှိရန်။ (၃) ထင်သာမြင်သာရှိသည့် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်သွားရန်။ (၄) အကောင်အထည်ဖော်ဆောင်ရာတွင် လေးနက်ထိရောက်မှု ရှိစေရန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရမှ ကြားဝင်ဆောင်ရွက်ပေးရန်။ (၅) IDPs ဆိုင်ရာ ကိစ္စများကို ဆက်လက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်သွားရန်။ (၆) နှစ်ဖက်သဘောတူညီသော အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်ချုပ်ဆိုရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ သက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးရန်။ တပ်မတော်ဘက်က အချက်သုံးချက်လက်ခံရင် ဆွေးနွေးမယ်ဆိုပြီး ဒို့တာဝန်အရေး (၃) ပါးကို လက်ခံရန်။ ပြည်ထောင်စုမှ ခွဲထွက်ရေး စကားမပြောရန်။ ယခုလက်ရှိသွားနေသော ရွေးကောက်ပွဲလမ်းကြောင်းကို လက်ခံပြီး ပါဝင်မည်ဟု ကတိပြုရန် ဒီလိုပြောဆိုကြရင်း နှစ်ဖက်ဆွေးနွေးပွဲက စလယ်ဝင်ဖင်မမည်းခင် ပြီးဆုံးခဲ့တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က ဆက်သွားနေသလို တဖက်မှာလည်း တိုက်ပွဲသံက ကြားနေရတုန်းဖြစ်တယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူတို့အစိုးရလက်ထက်မှာမှ နိုင်ငံရေးဆွေးနွေးပွဲတွေ ထွက်ပေါ်လာတယ်လို့  မကြာခဏပြောပြီး ဂုဏ်ယူနေတတ်တာ တွေ့ရတယ်။ ဒီဘက်ခေတ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တောက်လျှောက် ပါဝင်ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားတပ်ဖွဲ့တခုက ခေါင်းဆောင်တယောက်ကလည်း ဆွေးနွေးဘက်တွေ အားလုံးမှာ အတွေ့အကြုံ လုံးလုံးမရှိဘဲ ဒီလိုပဲ လမ်းသစ်ဖောက်ပြီး ဆွေးနွေးနေကြရတာပဲလို့ ပြောဖူးတယ်။ နိုင်ငံတကာက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ မတူတဲ့ မြန်မာ့ငြိမ်းချမ်းရေးမော်ဒယ်အသစ်လို့ ကြွေးကြော်သံလည်း ဒီဘက်ခေတ်မှာ ကြားရတယ်။ မြန်မာ့ငြိမ်းချမ်းရေးမော်ဒယ်အသစ် အလုပ်ဖြစ် မဖြစ်က ပြောဖို့ စောပါသေးတယ်။ ကိုရွှေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024