Home
မြန်မာသတင်း
ထောက်ကြံ့ခုံးကျော်တံတား စီမံကိန်းကို လွှတ်တော်ကိုယ်စားလှယ်အချို့ ငြင်းပယ်
DVB
·
September 4, 2018
စည်းကမ်းမဲ့ရပ်နားတဲ့ ယာဉ်တွေ၊ စည်းကမ်းမဲ့ရောင်းချနေတဲ့ ဈေးသည်တွေကို သက်ဆိုင်ရာဌာနတွေက တာဝန်ယူဖြေရှင်းမယ်ဆို တံတားဆောက်ဖို့ မလိုသလို တံတားအစား underpass (မြေအောက်လူကူးလမ်း) လုပ်လိုက်ရင် အဆင်ပြေနိုင်တာကြောင့် ဒီစီမံကိန်းကို ငြင်းပယ်သင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၁၈-၁၉ အမျိုးသားစီမံကိန်းဥပဒေကြမ်းနဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ရဲ့ မူနဲ့ အခြေခံသဘောတွေ၊ စီမံကိန်းလုပ်ငန်းတွေ၊ ရငွေသုံးငွေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာမှာ မွန်ပြည်နယ်မဲဆန္ဒနယ်က ဦးမျိုးဝင်းနဲ့ လေးမျက်နှာမဲဆန္ဒနယ်က ဦးဇော်မင်းသိန်းက အခုလို ငြင်းပယ်ဖို့ ဆွေးနွေးကြတာပါ။ ဘက်ဂျက်ထဲမှာ ၁ ဘီလီယံလျာထားပေမယ့် ၆ ဘီလီယံအကုန်ကျခံထိုးမှာဖြစ်သလို ဒီခုံးကျော်တံတားဆောက်မယ့် လမ်းသုံးဆုံက ရန်ကုန်-ပဲခူးယာဉ်ကြောဟာ တံတားမရှိလည်း မြေပြင်မှာ Free လွှတ်လို့ရတဲ့ ယာဉ်ကြောဖြစ်ပြီး ဈေးရှေ့မှာ ရပ်ထားတဲ့ ယာဉ်တွေ၊ လူအတင်အချလုပ်တဲ့ လိုင်းကားတွေကြောင့် ဒီ Free ကြောက Free မဖြစ်ရတာဖြစ်ကြောင်း ဒီကားတွေကို ရှင်းနိုင်မယ်ဆိုရင် ဒီယာဉ်ကြောဟာ တံတားမလိုဘဲ ပုံမှန်သွားလာနိုင်မှာ ဖြစ်တယ်လို့ ဦးမျိုးဝင်းက ပြောပါတယ်။ "ဒါကြောင့် တကယ်လိုနေတာက တံတားမဟုတ်ဘဲ စီမံခန့်ခွဲမှုသာလို နေတာဖြစ်ပါတယ်။ ဒီတံတားကြောင့် Traffic Flow က သိသိသာသာတက်လာဖို့ မမြင်ပါဘူး။ ဒါကြောင့် ဒီတံတားက တစ်ကျပ်ဖိုး ရင်းနှီးပြီး ဆယ်ပြားဖိုးလောက်ပဲ အကျိုးရှိမယ့် မြှုပ်နှံမှုလို့ထင်ပါတယ်။ အနာတခြား ဆေးတခြားဖြစ်နေပါတယ်။ ယာဉ်ကြောကြပ်တာထက် သက်ဆိုင်ရာဌာနတွေရဲ့ တာဝန်မသိမှုနဲ့ ရေသာခိုနေကြခြင်းကြောင့်ဖြစ်ပါတယ်။ ဒီမှာ သုံးမယ့် ၆ ဘီ လီယံက တခြား ဒီထက် လမ်းပန်းဆက်သွယ်ရေးပိုမိုခက်ခဲတဲ့ ဒေသတွေမှာ နေနေရတဲ့ တိုင်းရင်းသားတွေ၊ ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာနေထိုင်နေကြတဲ့ ကိုယ့်နိုင်ငံသားတွေအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ အများကြီးလုပ်နိုင်မှာမို့ ဒီစီမံကိန်းကို လုပ်သင့် မလုပ်သင့် သေချာစဉ်းစားသင့်ပါတယ်။ ဒါထက် အရေးကြီးတာတွေ ရေတွက်လို့ မကုန်နိုင်အောင်ရှိနေတဲ့ ဒီနိုင်ငံအနေနဲ့ ဒီစီမံကိန်းဟာ မလုပ်သင့်သေးဘူးလို့ ယူဆတဲ့အတွက် ငွေကုန်သက်သာတဲ့ အခြားစီမံခန့်ခွဲမှုနည်းလမ်းတွေနဲ့ အရင်ဖြေရှင်းဖို့ စဉ်းစားသင့်ပြီး လောလောဆယ် ဒီစီမံကိန်းကို ငြင်းပယ်ပါတယ် " လို့ ဆိုပါတယ်။ လေးမျက်နှာမဲဆန္ဒနယ်က ဦးဇော်မင်းသိန်းကတော့ ဘက်ဂျက်မှာ တစ် ဘီလီယံတင်ပြ တောင်းခံထားပေမယ့် ၇ ဒသမ ၅ ဘီလီယံလို့လည်း ပြောပါတယ်။ စည်းကမ်းမဲ့ယာဉ်တွေနဲ့ ဈေးသည်တွေကို ဖြေရှင်းနိုင်မယ်ဆိုရင် တံတားဆောက်စရာ မလိုသလို ရန်ကုန်မှာ ယာဉ်ကြောကြပ်တည်းတာကြောင့် ဂုံးကျော်တံတားတွေ ဆောက်ခဲ့ ပေမယ့် ယာဉ်ကြောကြပ်တည်းမှုကို အခုထိ ကြုံတွေ့နေရတုန်းဖြစ်တယ်လို့ ပြောပါတယ်။ "ယာဉ်ကြောကြပ်တာဟာ ပေ ၅၀၀ ထက်မပိုပါဘူး။ စည်းပျက်ကမ်းပျက် ယာဉ်တွေနဲ့ ဈေးသည်တွေကို စည်ပင်သာယာနဲ့ ရဲတပ်ဖွဲ့တွေ တာဝန်ကျေလို့ရှိရင် ဒီခုံးကျော်တံ တားဆောက်လို့ မလိုပါဘူး။ ရန်ကုန်မှာ ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းဖို့ ခုံးကျော်တံတား ၁၀ စင်းအထက် ရှိပါတယ်။ မြေနီကုန်း၊ လှည်းတန်း၊ တာမွေ၊ ရွှေဂုံတိုင်၊ ကုက္ကိုင်း စတဲ့ တံတားတွေဟာ တံတားအောက်မှာရှိတဲ့ မီးပွိုင့်တွေမှာ ယာဉ်ကြောကြပ်တည်းတာကို အခုထိ တွေ့ကြုံနေရဆဲဖြစ်ပါတယ်။ ဒီနေရာကိုကြပ်လို့ ဒီနေရာကို လုပ်မယ်ဆို ရှေ့ကို ဆက်ပြီးတွေ့ရမယ့် မှတ်တိုင်တွေ၊ ဈေးတွေ၊ အ၀ိုင်းပတ်တွေ ဒီအခြေအနေတွေ အားလုံးကို ပေါင်းစုံပြီး မစဉ်းစားခဲ့လို့ ဒီလို ကြပ်မြဲ ကြပ်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒါဟာ အဖြေမှန်မဟုတ်ဘူးလို့ ပြောလိုပါတယ်။ ဒီထောက်ကြံ့နေရာမှာ underpass လုပ်လိုက်မယ်ဆိုရင် ပြည်သူတွေဟာ ယာဉ်အန္တရာယ်ရော၊ သက်သောင့်သက်သာသွားလာမှုနဲ့ ရော ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆိုပြု စီမံကိန်းကို ငြင်းပယ်သင့်ပါတယ် " လို့ ဆိုပါတယ်။ လမ်းဆုံတိုင်းမှာ ယာဉ်ကြောကြပ်တည်းမှုအတွက် ခုံးကျော်တံတားဆောက်မယ်ဆိုရင် ရန်ကုန်မြို့မှာ Junction ပေါင်း ၁၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။ သတင်း - နေဖြိုးဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024