Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ တောင်းဆို
ပိုင်စိုး
·
August 29, 2018
ယိုယွင်းပျက်စီးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အကြောင်းကို တင်ပြချင်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံချင်တယ်လို့ ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂက တောင်းဆို လိုက်ပါတယ်။ စာပေစကားဝိုင်း၊ ငြိမ်းချမ်းရေးစကားဝိုင်းတွေက မအားလပ်တဲ့ကြားက အပင်ပန်းခံ လုပ်နေတာဟာ ကျောင်းသားပြည်သူတွေရဲ့အသံကို တခြားလူ ကြားမခံဘဲ တိုက်ရိုက် နားထောင်ချင်တဲ့ စိတ်ဆန္ဒပြင်းပြတာလို့ သူတို့က မှတ်ယူကြောင်း တောင်းဆိုတဲ့စာမှာ ဖော်ပြထားပါတယ်။ အဲဒီစကားဝိုင်းတွေမှာ အနည်းအကျဉ်းပဲ ပြောခွင့်ရပြီး ထဲထဲဝင်ဝင် မတင်ပြလိုက်ရတဲ့ အပြင် ကတိကဝတ်မရတာကတော့ ယိုယွင်းပျက်စီးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။ သမဂ္ဂဥက္ကဋ္ဌ ကိုမင်းသန့်ထူးက “ကျနော်တို့ မနေ့ကပဲ စာပို့လိုက်ပါတယ်။ အဓိက ကတော့ လုပ်အားနဲ့ ဝန်မမျှတဲ့အကြောင်းကို ပြောချင်ပါတယ်။ ဒါထက်ပိုပြီးတော့ လောလောဆယ်မှာ မပြောချင် သေးပါဘူးခင်ဗျ” လို့ ပြောပါတယ်။ အလုပ်သင်ဆရာဝန်တွေ ကြုံတွေ့နေရတဲ့ အချက်အလက်တွေကို စုဆောင်းထားတယ်လို့ လည်း သူက ပြောပါတယ်။ အလုပ်သင်ဆရာဝန်တွေဟာ ကျန်းမာရေး စောင့်ရှောက်မှု ယန္တရားမှာ ပြည်သူလူထုနဲ့ အနီးစပ်ဆုံး ထိတွေ့ရပြီး အဲဒီယန္တရား ပျက်စီးမှုရဲ့ ဒဏ်ကို အဆိုးရွားဆုံးခံနေရတယ်လို့လည်း သူတို့ရဲ့ တောင်းဆိုစာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ကျောင်းသား၊ ပြည်သူ၊ အလုပ်သမားအားလုံးရဲ့ မျှော်လင့်ချက်မိခင်လို့ မှတ်ယူပြီး ဒီစာကို ရေးတာဖြစ်သလို အလုပ်သင်ဆရာဝန်တွေရဲ့ ချီးမြှင့်ငွေကိစ္စ၊ အလုပ်ဆင်းရချိန်၊ ချီးမြှင့်ငွေ ဖြတ်တောက်ခံရတာ စတာတွေ အားလုံးကို တင်ပြချင်လို့ တွေ့ခွင့်ပေးပါလို့ သူတို့က တောင်းဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူတွေရဲ့ ငြိမ်းချမ်းရေး စကားဝိုင်းတွေမှာ လည်း  ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍလိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ဒေသခံတွေက မေးမြန်း ဆွေးနွေး တောင်းဆိုတင်ပြတာတွေရှိခဲ့သလို ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ ကျန်းမာရေး ၀န်ကြီးကို ပြန်လည်ဖြေရှင်းဖို့ စေခိုင်းတာတွေလည်း ရှိခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024