Home
မြန်မာသတင်း
အိမ်ရာကွက်များ ဖော်ထုတ်ရာတွင် အဂတိကင်းကင်းဆောင်ရွက်ရန် တိုက်တွန်း
နေဖြိုးဝင်း
·
August 29, 2018
စိုက်ပျိုးမြေတွေ မလျော့စေဖို့နဲ့ မြေလွတ်တွေ မဆုံးရှုံးစေဖို့ စနစ်တကျစိစစ်ပြီး အဂတိကင်းကင်း ဆောင်ရွက်ဖို့ အမှန်လိုအပ်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီးက ပြောပါတယ်။ မြို့နယ်အဆင့်ဆင့်မှာ ဖွဲ့စည်းထားတဲ့ လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီရဲ့ အဂတိ တရားမကင်းတဲ့ လုပ်ဆောင်ချက်တွေကို ထိရောက်စွာထိန်းညှိပေးဖို့ အစီအမံတခု အမြန်ရေးဆွဲပြဋ္ဌာန်းအကောင်အထည် ဖော်ပေးဖို့ အစိုးရကိုတိုက်တွန်းကြောင်း အဆိုနဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းလင်းတာမှာ ပြောသွားတာပါ။ ဒုဝန်ကြီး ဦးလှကျော်က “လယ်ယာ၊ ဥယျာဉ်ခြံမြေတွေ၊ မြို့နဲ့ ကျေးရွာတွေမှာရှိတဲ့ မြေလွတ်တွေမှာ အိမ်ရာကွက်တွေ ဖော်ထုတ်ဆောင် ရွက်နေတာတွေကို အမှန်တကယ် လိုအပ်တဲ့ အတိုင်းအတာကိုပဲ ခွင့်ပြုပြီး စိုက်ပျိုးမြေတွေ မလျော့ပါးရေးနဲ့ နောင်တချိန် အသုံးပြုဖို့ လိုအပ်လာမယ့် မြေလွတ်တွေ ဆုံးရှုံးမှုမရှိစေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျစိစစ်ပြီး အဂတိ တရား ကင်းရှင်းစွာနဲ့ စီမံဆောင်ရွက်သွားဖို့ အမှန်လိုအပ်နေပါတယ်" လို့ ဆိုပါတယ်။ ဒီအဆိုကို မွန်ပြည်နယ်မဲဆန္ဒနယ်က ဦးမျိုးဝင်းက တင်သွင်းခဲ့တာဖြစ်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အပါအ၀င် ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူမရှိတဲ့အတွက် အဆိုကို အတည်ပြုလိုက်ပါတယ်။ ၀န်ကြီးဌာနကလည်း ဒီအဆိုကို ထောက်ခံခဲ့ပါတယ်။ “တိုးပွားလာတဲ့ လူဦးရေအတွက် နေရာထိုင်ခင်းတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဲ့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့က အစီအမံတွေချပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးရတဲ့ အခြေအနေပေါ်အကြောင်းပြုပြီး ဒေသအသီးမှာ လယ်၊ ယာ၊ ဥယျာဉ်၊ ခြံမြေတွေကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ မဟုတ်ဘဲ စည်းကမ်းမဲ့ အကွက်ဖော်ရောင်းစား တဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်" လို့ ဒုတိယ၀န်ကြီးက ပြောပါတယ်။ စိစစ်ကြပ်မတ်တဲ့နေရာမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတခုတည်း မဟုတ်ဘဲ မြေအမျိုး အစားအလိုက် စီမံခန့်ခွဲရတဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး အစီအမံတွေ ချမှတ်ဆောင်ရွက်သွားဖို့ လိုအပ်နေ တယ် လို့လည်း ဆိုပါတယ်။ အကောင်အထည်ဖော်ဆောင်ရွက်မယ့် အစီအမံတွေကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေးမှာ တင်ပြပြီး ရရှိတဲ့အချက်တွေအပေါ်အခြေခံကာ ဆောင်ရွက်နိုင်မယ့် စနစ်၊ အကောင်အထည်ဖော်နိုင်မယ့် ယန္တရားတရပ်ဖော်ထုတ်နိုင်ဖို့ အစိုးရအဖွဲ့ကို တင်ပြဆောင်ရွက် သွားမယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024