ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်အားပေးဆရာမ ၂ ဦးနှင့် ဘုန်းကြီး ၁ ပါး ဖမ်းဆီးခံရ
နန်းမြနဒီ
·
August 23, 2018
ထိုင်းနိုင်ငံ၊ ပတ္တနီမြို့မှာ ရွှေ့ပြောင်းအလုပ်သမား ကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို သြဂုတ် ၁၅ ရက်က ရဲတွေဝင်ရောက်စစ်ဆေးပြီး လုပ်အားပေး ဆရာမ နှစ်ဦးနဲ့ ဘုန်းကြီးတပါးကို ဖမ်းဆီးသွားတယ်လို့ ရတ်ထိုင်းဖောင်ဒေးရှင်းက ပြောပါတယ်။
အဆိုပါ စာသင်ကျောင်းမှာ ရတ်ထိုင်းဖောင်ဒေးရှင်းက ထောက်ပံ့ပေးထားတဲ့ စာသင် ကျောင်းတွေထဲက တကျောင်းဖြစ်ပြီး ဖမ်းဆီးခံရသူတွေမှာ နေထိုင်ခွင့်အထောက်အထားတွေ ရှိပေမယ့်လည်း လုပ်ငန်းနေရာမမှန်ကန်လို့ အဖမ်းခံရတာလို့ ရတ်ထိုင်းဖောင်ဒေးရှင်း အဖွဲ့ဝင် ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။
“ရတ်ထိုင်းဖောင်ဒေးရှင်းရဲ့ သီးသန့်ကျောင်းတော့ မဟုတ်ဘူး။ စေတနာ့ ၀န်ထမ်း တွဲဘက် ကျောင်းလေးပေါ့။ အဖမ်းခံရတာ ဆရာမ နှစ်ယောက်နဲ့ ဘုန်းကြီး တပါး၊ အလုပ်နေရာ မတူလို့ ဖမ်းခံထိတာပါ၊ တယောက်က အလုပ်သမားကတ်ရှိတယ်။ တယောက်က ပတ်စပို့ ရှိတယ်။ သူတို့က စေတနာ့ဝန်ထမ်းတွေဆိုတော့ ပြန်လွှတ်ပေးဖို့ ဖောင်ဒေးရှင်းအနေနဲ့ လိုက်လုပ်ပေးတယ်။ ထိုင်းလ၀က ရုံးချုပ်ကို မေတ္တာရပ်ခံတဲ့ စာပို့ထားတယ်။ ဒါပေမယ့် အခုတော့ ထိုင်းမြန်မာနယ်စပ် ရနောင်းမြို့က လ၀ကရုံးကို ပို့လိုက်ပြီလို့ သိရတယ်။ တရားရုံးတက်၊ အမှုရင်ဆိုင်ပြီးရင် မြန်မာပြည် ပြန်ပို့ခံရမယ့် အနေအထားမှာ ရှိတယ်”
ဖမ်းဆီးခံရသူတွေကတော့ မငြိမ်းမိုးမိုးလှိုင် (၂၅ နှစ်)၊ ဒေါ်သန်းသန်းမြိုင် (၄၃ နှစ်)နဲ့ ဘုန်းကြီးတပါး လူနာမည် ထိန်လင်းအောင်တို့ ဖြစ်ပြီး အဆိုပါစာသင်ကျောင်းမှာ မြန်မာရွှေ့ပြောင်းလုပ်သားကလေးငယ် ၈၀ ကျော် ပညာသင်ကြား နေပါတယ်။
ဓာတ်ပုံ-ရဲမင်း