သတင်းထောက်များကို ဆဲဆိုခြိမ်းခြောက်ခဲ့သူအား အမှုဖွင့် အရေးယူ
DVB
·
August 22, 2018
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပဒါန်းကျေးရွာမှာ သြဂုတ် ၂၀ ရက် ညနေက သတင်းစာရှင်းလင်းပွဲမှာ သတင်းလာယူတဲ့ သတင်းထောက်တွေကို ဆဲဆိုခြိမ်းခြောက်သူကို အမှုဖွင့်ထားတယ်လို့ ငဖဲမြို့မရဲစခန်းက ပြောပါတယ်။
ငဖဲမြို့မစခန်းမှူး ဒုရဲမှူးမိုးဇော်က "ပဒါန်းလမ်းဆုံက ကောင်းထက်စံ စားသောက်ဆိုင်မှာ လမ်းမြေဧရိယာပေါ်မှာ အဆောက်ဦ ဆောက်ထားတဲ့ကိစ္စ ဒေသခံပြည်သူတွေက သတင်းမီဒီယာ အသီးသီးကို ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲ လုပ်ကြတယ်။ ရှင်းလင်းပွဲ အပြီးမှာ လမ်းမြေကို ကျူးကျော်ဆောက်လုပ်ထားခြင်း ရှိမရှိ သတင်းဓာတ်ပုံ ရိုက်ကူး မှတ်တမ်းယူနေချိန်မှာ မိုဘိုင်းစတားဖုန်းဆိုင် အုတ်တံတိုင်း နံရံပေါ်ကနေ ပဒါန်းကျေးရွာ ကျောက်တန်းလေးရပ်မှာနေတဲ့ သားကြီး (ခေါ်) နေမင်းက သတင်းထောက်တွေကို ဆဲဆိုကြိမ်းမောင်း ခြိမ်းခြောက်တယ်ဆိုပြီး လာရောက်တိုင်ကြားတဲ့အတွက် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပဒါန်းကျေးရွာ အမှတ် ၃ ရပ်ကွက် လမ်းမြေဧရိယာပေါ်မှာ မိုဘိုင်းစတားဖုန်းဆိုင်က ကျူးကျော်ပိတ်ဆို့ ဆောက်လုပ်ထားတာကို ဝန်ကြီးချုပ်ဆီ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။
မကွေးမြို့ခံ သတင်းထောက် ဦးအောင်သက်ပိုင်က “မိန်းကလေး သတင်းထောက်တွေလည်း ပါတယ်။ ရှင်းလင်းပွဲအပြီး ဓာတ်ပုံမှတ်တမ်းယူနေတဲ့ အချိန်မှာ ဆဲဆိုခြိမ်းခြောက်တာ။ ကျနော်တို့က ဒီတိုင်းထားမယ်ဆိုရင် အသက်အန္တရာယ်ကို ရန်မမူဘူးလို့ မပြောနိုင်ဘူး။ အဲဒါကြောင့် သတင်းထောက်အားလုံးရဲ့ကိုယ်စား တရားလိုလုပ်ပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နိုင်ဖို့ အမှုဖွင့်ခဲ့တာ" လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ သားကြီး (ခ) နေမင်းကို ငဖဲမြို့မရဲစခန်းမှာ ဆဲဆိုခြိမ်းခြောက်မှု ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ ငဖဲမြို့မရဲစခန်းက သိရပါတယ်။
သတင်း-မင်းထီး