Home
မြန်မာသတင်း
အရည်အသွေးစံချိန်မမီသည့် တံတားတည်ဆောက်ပါက အရေးယူနိုင်မည့်ဥပဒေကြမ်းတင်သွင်း
နေဖြိုးဝင်း
·
August 21, 2018
တံတားကြီးတွေရဲ့ အသုံးပြုနိုင်တဲ့ သက်တမ်းသတ်မှတ်တာနဲ့ အရည်အသွေးလျော့ တည်ဆောက်တာတွေ အရေးယူတာပါဝင်တဲ့ တံတားကြီးများ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တင်သွင်းလိုက်တာ ဖြစ်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်လွင်က ဥပဒေကြမ်း ကော်မတီရဲ့ အစီရင်ခံစာကို ဖတ်ကြားခဲ့ပါတယ်။ "တံတားကြီးတွေရဲ့ အရည်အသွေးမပြည့်မီမှုကြောင့် ပျက်စီးတာတွေ မဖြစ်ပေါ်လာဖို့ အရည်အသွေးစံချိန်စံ ညွန်းလျော့နည်းပြီး တည်ဆောက်တာ၊ ပြုပြင်တာ၊ အရည်အသွေး စစ်ဆေးတာမှာ သိလျက်နဲ့ တမင်ထိမ်ချန် တာတွေအတွက် အရေးယူဆောင်ရွက်မှု၊ ပြစ်မှု၊ ပြစ်ဒဏ်တွေ ဖြည့်စွက်ပြဋ္ဌာန်းဖို့၊ တံတားကြီးတွေရဲ့ လုံခြုံရေး၊ ကြံ့ခိုင်ရေးနဲ့ သက်တမ်းပြည့် အသုံးပြုနိုင်ရေးတို့အတွက် ထိရောက်ဟန့်တားတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်ပြဋ္ဌာန်းချက်တွေ ပြည့်စုံအောင် ပြင်ဆင်ဖြည့်စွက်ထားတာ တွေ့ရပါတယ်" ဗိုလ်မှူးချုပ်တင့်လွင်က အစီရင်ခံစာကို ဖတ်ကြားခဲ့ပါတယ်။ တံတားကြီးတွေကို တည်ဆောက်ထိန်းသိမ်းတဲ့ ဌာနအနေနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာန သာမက တခြားဝန်ကြီးဌာနတွေ၊ သက်ဆိုင်ရာဦးစီးဌာနတွေ၊ စည်ပင်သာယာရေး ကော်မတီတွေ ပြည့်စုံအောင် ပါဝင်လာစေဖို့၊ သဘာဝဘေးအန္တရာယ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တိကျပြည့်စုံအောင် ဖော်ပြနိုင်ဖို့၊ တည်ဆောက်၊ ပြုပြင်တဲ့ လုပ်ငန်းတင်မဟုတ်ဘဲ ဒီဇိုင်း ရေးဆွဲတာ၊ တည်ဆောက်ရေးပစ္စည်း အရည်အသွေးစံနှုန်းသတ်မှတ်တာ၊ တံတားကြီးတွေရဲ့ ကြံ့ခိုင်မှုကို အချိန်ဇယားတိကျစွာ ကာလသတ်မှတ်ပြီး စစ်ဆေးတာ၊ တံတားအသုံးပြုနိုင်တဲ့ သက်တမ်း အပိုင်းအခြား သတ်မှတ်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်ဖို့ လုံခြုံရေးလိုအပ်ချက်အရ ဆောက်လုပ်ရမယ့် မိုင်းရှင်း၊ မိုင်းခင်း၊ မိုင်းရှာ လုပ်ငန်းစဉ်တွေ ဆောင်ရွက်တာနဲ့ လုံခြုံရေး စခန်းတွေ ချထားတဲ့လုပ်ငန်းတွေ စီမံဆောင်ရွက်နိုင်ဖို့လည်း ပြင်ဆင်ဖြည့်စွက်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024