ဂျပန်ကျူးကျော်မှု တိုက်ထုတ်နိုင်ခဲ့သည့် ၇၃ နှစ်မြောက် အထိမ်းအမှတ်ပွဲ တရုတ်ကျင်းပ

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကျူးကျော်မှုကို ဆန့်ကျင်တိုက်ထုတ်နိုင်ခဲ့တဲ့ ၇၃ နှစ်မြောက် အထိမ်းအမှတ်ပွဲကို တရုတ်နိုင်ငံ အလယ်ပိုင်းက ဝူဟန်မြို့မှာ တရုတ်ပြည်မကြီးနဲ့ ထိုင်းဝမ်ကျွန်းကလူတွေ စုပေါင်းကျင်းပခဲ့ပါတယ်။ ဂျပန်ကျူးကျော်မှုကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့တဲ့ ၇၃ နှစ်မြောက် အထိမ်းအမှတ်ပွဲကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေးပြည်နယ်က ဝူဟန်မြို့မှာ ကျင်းပခဲ့ပြီး ထိုင်ဝမ်က ကူမင်တန်တပ်မှူးဟောင်းတဦး အပါအဝင် ပြည်မကြီးက ကွန်မြူနစ်ပါတီရဲ့ တပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့က ဗိုလ်ချုပ်ကြီးဟောင်းတဦးလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ပြန်တွေ၊ ပညာရှင်တွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီပွဲကို တက်ရောက်လာသူတွေက သူတို့ရဲ့ အမှတ်ရချက်တွေ၊ အတွေးအမြင်တွေကို ပြောကြားခဲ့ကြတာပါ။ “လူငယ်တွေဟာ သမိုင်းနဲ့ စစ်ပွဲရဲ့ စိတ်ဓာတ်ဝိညာဉ်ကို သိနားလည်သင့်ပါတယ်။ လူငယ်တွေ သိကြတာက တရုတ်ဟာ အင်အားကြီးနိုင်ငံလို့ပဲ သိထားကြတာပါ။ ဒါပေမယ့် သူတို့သိထားသင့်တဲ့ အချက်က တရုတ် အခုလို အင်အားကြီးနိုင်ငံ ဘယ်လိုဖြစ်လာသလဲ ဆိုတာကိုလည်း သိထားသင့်ပါတယ်။ စစ်ပွဲအတွင်း ရှေ့တန်းစစ်မျက်နှာမှာရော၊ နောက်တန်းမှာပါ ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုတာတွေကို ကျနော်တို့ အသိအမှတ်ပြုဖို့ လိုပါလိမ့်မယ်” လို့ ကူမင်တန်ပါတီက တပ်မှူးဟောင်းတဦးဖြစ်တဲ့ ဟောင်းပီဆူက ပြောပြသွားတာပါ။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကို တိုက်ထုတ်ခဲ့ရာမှာ ပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ တပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်က ဗိုလ်ချုပ်ကြီးဟောင်း ဖန်းကျူချီကတော့ “ကျနော်တို့တွေ ဆုံကြတွေ့ကြတိုင်း မိသားစုလိုပါပဲ။ ကျနော်တို့အကြားမှာ အဆက်အသွယ်တွေ အများကြီးရှိပါတယ်။ ကျနော်တို့အကြား ဆန့်ကျင်ဘက်လို၊ ဝေးကွာနေတဲ့ လူတွေလိုမျိုး မခံစားရပါဘူး” လို့ ပြောပြသွားတာပါ။ ပွဲကိုတက်ရောက်လာတဲ့ ကျောင်းသူတဦးကတော့ “ကျမ ကျောင်းသင်ခန်းစာထဲမှာ တခါမှ မသင်ဘူးတဲ့ အတွေးအမြင်သစ်၊ အတွေးအခေါ်သစ်တွေကို လေ့လာသိရှိခဲ့ရပါတယ်” လို့  ဝူဟန်တက္ကသိုလ် ကျောင်းသူတဦးက ပြောပြသွားတာပါ။ “ကျနော်တို့ကြားထဲမှာ မတူညီတဲ့ အတွေးအမြင်တွေ ရှိကြပါတယ်။ အဲဒီ မတူညီတဲ့ အတွေးအမြင်တွေ ရောနှော ပေါင်းစည်းလိုက်တဲ့အခါမှာ စဉ်းစားတွေးခေါ်မှု ပုံစံသစ်တွေကို ဖန်တီးနိုင်ပါလိမ့်မယ်” လို့ အထက်တန်းကျောင်းသားတဦးက ပြောပြသွားတာပါ။ ဒုတိယကမ္ဘာစစ်မှာ ဂျပန်လက်နက်ချခဲ့တဲ့ ၇၃ နှစ်မြောက် အခမ်းအနားကို ဝူဟန်မြို့မှာ ကျင်းပရတဲ့ အကြောင်းရင်းက ဝူဟန်မြို့ဟာ ဂျပန်နဲ့ တရုတ်တို့အကြား အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နှစ် ၈၀ ပြည့်နှစ်နဲ့ တိုက်ဆိုင်နေတာ၊ တိုက်ပွဲဖြစ်ပွားရာနေရာ ဖြစ်တာကြောင့်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up