မွန်ပြည်နယ်အတွင်း ကွမ်းရွက်ဈေးနှုန်း ၂ ဆ မြင့်တက်

မွန်ပြည်နယ်မှာ ရေကြီးရေလျှံခဲ့လို့ ကွမ်းခြံတွေနဲ့ ဟင်းသီးဟင်းရွက်ခြံတွေ ရေနစ်မြုပ်ခဲ့တာကြောင့် ကွမ်းရွက်တော်တော်များများလည်း ပျက်စီးဆုံးရှုံးခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ကာ  ကွမ်းဈေးနှစ်ဆ မြင့်တက်သွားတယ်လို့ ကွမ်းရွက် အရောင်းဒိုင်တွေက သိရပါတယ်။ မော်လမြိုင်မှာတော့ ကွမ်းတွေကို မုံရွာနဲ့ ကျိုက်ထိုဘက်က မှာယူနေကြတာ ဖြစ်ပါတယ်။ မုံရွာကွမ်းဈေးမှာ တပိဿာကို ၁၂၀၀၀နဲ့  ကျိုက်ထိုကွမ်းဈေးမှာ တပိသာ ၇၀၀၀ အထိ ဈေးမြင့်တက်နေပါတယ်။ ယာကွမ်းဟာ ၁ ပိဿာကို အရင်က ၅၀၀၀နဲ့ ၆၀၀၀ ကျပ် ရှိခဲ့ပေမယ့်လည်း အခုတော့ ၁၂၀၀၀အထိ မြင့်တက်နေပါတယ်။ ဒေသခံ ဒေါ်အုန်းကြည်က  “ကွမ်းဈေးက အရင် တပိဿာ ၆၀၀၀ကျပ်ပဲရှိတယ်။ အခုရေမြုပ်ပြီးတော့မှ အဘွား သွားဝယ်တာ ၅၀ သားကို ၆၀၀၀ ကျပ်တဲ့ ။ စားကွမ်းက တပိဿာကို ၁၀,၀၀၀၊ ယာကွမ်းက တပိဿာ ၁၂,၀၀၀ ဖြစ်နေတယ်” လို့ ပြောပါတယ်။ မော်လမြိုင်ဈေးကြီးမှာ ကွမ်းရွက် လက်လီလက်ကား ရောင်းသူ ဒေါ်မိုးစန္ဒာက “ဇူလိုင်လ ၂၅ ရက်နေ့အထိက အစ်မတို့ဆီက ကွမ်းက ၅ ထောင်ပဲ ရှိတယ်။ ၂၆ ရက်နေ့က မုံရွာက တင်လာတဲ့ ကွမ်းက ၃၀ ရက်နေ့မှ ရောက်တယ်။ ကြားထဲမှာ ၄ ၊ ၅ ရက်လောက် ခံသွားတယ်။ ၅ ရက်ခံသွားတော့ ကွမ်းတွေ ပုပ်တာပေါ့။ စရိတ်စကတွေလည်း ကြီးတော့ ၅ ထောင်ကနေ ၁ သောင်း ၂ ထောင် ဖြစ်သွားတယ်။ ရောင်းတဲ့သူတွေလည်း အဆင်မပြေဘူး။ စားသုံးတဲ့သူတွေလည်း အဆင်မပြေဘူး။ လမ်းပန်းဆက်သွယ်ရေးတွေ အခက်အခဲ ဖြစ်ခဲ့တော့ အဆင်မပြေဘူးပေါ့။ ကွမ်းဆိုင်တွေလည်း လုပ်ရကိုင်ရတာ။ ရေမြုပ်လို့ စက်လှေနဲ့ ကဲ့ရတာတွေ ရှိတော့ စရိတ်စက အဆမတန် တက်သွားတာပေါ့” လို့ ပြောပါတယ်။ လက်ရှိ မွန်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် အဝေးပြေးယာဉ်လိုင်းတွေကို ၄ ရက်တာ ပိတ်ထားခဲ့ရတာကြောင့် ကွမ်းရွက်တွေ ပုပ်ကုန်ပျက်စီးတာတွေရှိပါတယ်။ ဒါ့အပြင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ကွမ်း၊ ကြက်ဥ၊ ဘဲဥ၊ ဓာတ်ဆီ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အသားငါးတွေပါ မကျန် ကုန်ဈေးနှုန်းအားလုံး နှစ်ဆနီးပါး မြင့်တက်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up