ဒစ်ဂျစ်တယ် မီတာပုံးများ တပ်ဆင်ခွင့် တင်ဒါ မအောင်သည့်ကိစ္စ Ever ကုမ္ပဏီ ရှင်းလင်း
သူဇာလင်း
·
July 31, 2018
Ever ကုမ္ပဏီက ရှေ့ပြေးစီမံကိန်းအဖြစ် ကျပ်ငွေ ၂ ဘီလီယံ အရှုံးခံပြီး ဒစ်ဂျစ်တယ် မီတာပုံးတွေကို တပ်ဆင်ခဲ့ပေမယ့်လည်း တတိယအကြိမ်အထိ တင်ဒါ မအောင်မြင်ခဲ့တာကြောင့် ဇူလိုင် ၃၀ ရက်က ရန်ကုန်မြို့မှာ သတင်းစာရှင်းပွဲ ကျင်းပခဲ့ပါတယ်။
Ever စက်ရုံက ၂၀၁၂ ခုနှစ်ကတည်းက ဒေါပုံမြို့နယ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ဒစ်ဂျစ်တယ် မီတာအလုံးပေါင်း ၆ သိန်းနီးပါး တပ်ဆင်ပေးခဲပြီး မြန်မာတနိုင်ငံလုံးမှာ Ever စက်ရုံက တပ်ဆင်ထားတဲ့ မီတာ အလုံးပေါင်း ၂ သန်းရှိတယ်လို့ ကုမ္ပဏီ တာဝန်ရှိသူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို Ever မီတာ အပါအဝင် ကုမ္ပဏီ ၉ ခု တင်ဒါ ဝင်ယောက်ယှဉ်ပြိုင်ခဲ့ရာမှ ကုမ္ပဏီ ၂ ခုကို ရွေးချယ်ခဲ့ပြီး Ever မီတာကို ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။
ကိုရီးယားနည်းပညာကို သုံးပြီး လုပ်ထားတဲ့ Ever မီတာက ပြည်သူတွေ အသုံးပြုနေတာ အဆင်ပြေမှုရှိပြီး တင်ဒါကိစ္စကို ပြန်လည်သုံးသပ်ပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို ၂၆ ကြိမ်တိုင်တိုင် စာတင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အကြောင်းပြန်တာ မရှိခဲ့တာကြောင့် မီဒီယာတွေကတဆင့် သက်ဆိုင်ရာတွေ သိရှိပြီး အမှန်တရားအတိုင်း ရွေးချယ်စေချင်တာကြောင့် အခုလို သတင်းစာရှင်းလင်းပွဲ လုပ်ရတာဖြစ်တယ်လို့ ပြောပါတယ်။