Home
မြန်မာသတင်း
ပင်လည်ဘူးမြို့တွင် လိုင်စင်မဲ့ကား စစ်ဆေးရာမှ စံချိန်တင်မူးယစ်ဆေးဝါးများ ဖမ်းမိ
Aung Ko Latt
·
July 24, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၊ ပင်လည်ဘူး-ဝန်းသိုကားလမ်း ကျောက်မီးသွေး လမ်းဆုံမှာ ဇူလိုင် ၂၁ ရက်နေ့က ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လိုင်စင်မဲ့မော်တော်ယာဉ်တွေ စစ်ဆေးဖမ်းဆီးမှု ပြုလုပ်ခဲ့ပါတယ်။ လိုင်စင်မဲ့ယာဉ်စစ်ဆေးနေစဉ် မင်းသူ (၂၄ နှစ်) မောင်းနှင်လာတဲ့ WISH အမျိုးအစား အဖြူရောင်လိုင်စင်မဲ့ ကားတစီးကို ဖမ်းဆီးရမိခဲ့တဲ့အတွက် ပင်လည်ဘူးမြို့မရဲစခန်းက (ပ)၅၈/၂၀၁၈ ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့တာပါ။ အဆိုပါ ကားမောင်းလာသူက ပင်လည်ဘူးမြို့နယ်မှာ မူးယစ်ကျော်ဇောရှိတဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးအောင်မင်းစိန် ဦးဆောင်တဲ့ အဖွဲ့က သက်သေတွေနဲ့အတူ ဇူလိုင် ၂၃ ရက်နေ့မှာ ကားကိုစစ်ဆေးရှာဖွေရာမှ ပင်လည်ဘူးမြို့နယ်ရဲ့ စံချိန်တင်မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေကို ပြုပြင်ထားတဲ့ ကားဒက်ဘုတ်အံဝှက်အတွင်း ထည့်သွင်း ခဲ့တာဖြစ်ပြီး အဲဒီထဲက ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါရောင်အမှုန့် အလေးချိန် ၁၁ ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၂၀၆ ခွက်အတွင်းက ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၂၆၆ သိန်းတန်ဖိုးရှိ စုစုပေါင်းအလေးချိန် ၂၂၆၆ ဂရမ်ရှိတဲ့ မူးယစ်ဆေးဝါးကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ ဒီမူးယစ်ဆေးဝါးတွေကို မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာက ကျပ်သိန်း ၃၀၀ ဖိုး ဝယ်ယူခဲ့တာလို့ သိရပါတယ်။ “ဒါက ဒီနှစ်အတွင်းမှာတော့ ပင်လည်ဘူးမြို့နယ်မှာ စံချိန်တင်ဖမ်းဆီးရမိတာပါ။ လိုင်စင်မဲ့ ကားစစ်ရာကနေ မသင်္ကာလို့ နောက်ဆက်တွဲ ရှာဖွေမိတာကနေ သိမ်းဆည်းရမိတာပေါ့။ ဒီနှစ်အတွင်းတော့ တော်တော်များပြီ။ အားလုံးဆို မူးယစ်မှုချည်း ၉၄ မှုရှိပြီ။ ကျနော့်တို့ နယ်မှာတော့ ထုတ်တာမရှိပါဘူး။ သယ်ဆောင်ဖြန့်ဖြူးပဲရှိတာပါ။”လို့ ပင်လည်ဘူးမြို့မရဲစခန်းမှုး ဒုရဲမှူး သောင်းဌေးက ဒီဗွီဘီကိုပြောပါတယ်။ အဆိုပါ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး အရင်ဖွင့်ထားတဲ့ (ပ)၅၈/၂၀၁၈ ပို့ကုန်/သွင်း ကုန်ဥပဒေပုဒ်မ ၈ အပြင် နောက်ထပ် မယ(ပ)၉၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)နဲ့ပါ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။ ပင်လည်ဘူးမြို့နယ်အတွင်း မူးယစ်ဆေးဝါးပျံ့နှံ့သုံးစွဲမှုက အရင်ကထက် ပိုမိုများပြား လာတယ်လို့ သိရပါတယ်။ တိုင်းအစိုးရအဖွဲ့မှာ ၂၀၁၆ ခုနှစ်ကတည်းက တရားဝင်မှတ်ပုံပြီး မူးယစ်တားကိစ္စတွေကို ဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့ဖြစ်တဲ့ မိုးသောက်ကြယ်အဖွဲ့ရဲ့ စာရင်းတွေအရ ၂၀၁၇၊ ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုပေါင်း ၁၇၄ မှုရှိပြီး တရားခံ ၂၃၂ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ ဘိန်းဖြူ ၄၈၇၇.၅၉ ဂရမ်၊ ဘိန်းမဲ ၉၀၆၇၅.၆၂ ဂရမ်၊ ဆေးပြားအစုံ ၇၀၁၁၀ ပြား၊ ငွေ ၄၂၃၄၁၈၀၀ ကျပ်တို့ ဖမ်းဆီးရမိခဲ့ပြီး ကာလတန်ဖိုးကျပ်သိန်းပေါင်း ၁၁၅၂၅ သိန်းကျော်ရှိပြီး အားလုံး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ မိုးသောက်ကြယ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ပင်လည်ဘူးမြို့နယ်က အချို့ကျေးရွာတွေမှာ အိမ်ခြေ ၂၅၀ လောက်ရှိရင် ၂၀၀ လောက်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှုရှိတယ်လို့လည်း မိုးသောက်ကြယ်အဖွဲ့ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းက ပြောပါတယ်။ မိုးသောက်ကြယ်အဖွဲ့မှာ အဖွဲ့ဝင်ပေါင်း ၂၀၀ နဲ့ အရန်အင်အား ၁၀၀ ရှိတယ်လို့ သိရပါတယ်။ ပြည်သူတွေပူးပေါင်းပါဝင်မှု အားကောင်းတဲ့အတွက် ၇၅ ရာခိုင်နှုန်းလောက်ထိ အောင်မြင်နေပြီလို့လည်း ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ် ၃၇ မြို့နယ်ရှိရာမှာ မြို့နယ် ၃၃ မြို့နယ်က မူးယစ်ဆေးဝါးပျံ့နှံ့နေတာဖြစ်ပါတယ်။ တိုင်းအစိုးရအဖွဲ့ရဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၆-၁၇ ခုနှစ်ကထက် ၂၀၁၇-၁၈မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ပိုမိုများပြားခဲ့တယ်လို့ ဖော်ပြထား ပါတယ်။ မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်မှတ်ယူပြီး အားလုံးဝိုင်းဝန်း ပူးပေါင်း ပါဝင်ကြဖို့ကိုလည်း ဝန်ကြီးချုပ်က မကြာခဏတိုက်တွန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024