Home
ဆောင်းပါး
အမုန်းမီးကို ငြှ်ိမ်းသတ်ပါ
DVB
·
July 18, 2018
ဒီကနေ့ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက် စိန်ခေါ်မှု မြောက်မြားစွာနဲ့ ခက်ခက်ခဲခဲ အသွင်ကူးပြောင်းနေရဆဲ ကာလမှာ အစိုးရနဲ့တကွ ငြိမ်းချမ်းရေးလိုလားတဲ့ လူထုလူတန်းစား အဖွဲ့အသီးသီး ကြိုးပမ်းနေတဲ့ကြားက လူမျိုးရေး မုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှု စတဲ့ အမုန်းတရားတွေဟာ အရှိန်တညီးညီး တောက်လောင်နေဆဲပါ။ လူမျိုးခြားမုန်းတီးမှု၊ ဘာသာခြားမုန်းတီးမှု၊ တိုင်းတပါး နိုင်ငံရပ်ခြား မုန်းတီးမှု စတဲ့ အမုန်းမီးတောက် အမျိုးမျိုးဟာ မြန်မာ့လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းတွေကြားမှာ ဟိုးအောက်ခြေကနေ လူလတ်တန်းစား၊ ခေတ်ပညာတတ်တွေ၊ ချမ်းသာကြွယ်ဝ ရာထူးဌာနန္တရ ရှိသူတွေ၊ နောက်ဆုံး အကျော်အမော် အီလစ်တချို့အထိ အလွှာအသီးသီးမှာ စိမ့်ဝင်လှိုက်စားပြီး မသိမသာရော သိသိသာသာပါ လောင်မြိုက်ဆူဝေနေဆဲ ဖြစ်ပါတယ်။ တကယ်တော့ လူတယောက်ဟာ တခြားလူတယောက်ယောက်ကို ဖြစ်ဖြစ်၊ တခြား လူမျိုးတမျိုးကို ဖြစ်ဖြစ်၊ တခြားဘာသာအပေါ် ဖြစ်ဖြစ် မုန်းတီးမိပြီ ဆိုကတည်းက သူဟာ အရှုံးတွေသာ ပိုင်ဆိုင်ရတော့တာပါပဲ။ သူမွေးမြူမိတဲ့ အမုန်းတရားတွေက ပေါက်ဖွားလာတဲ့ အာဃာတနဲ့ အငြိုးတရားတွေကြောင့် ဝေဝါးတဲ့ အသိအမြင်တွေကတဆင့် မကောင်းတဲ့ ကာယကံ၊ ဝဇီကံ၊ မနောကံ စတဲ့ အမည်းရောင် အလုပ်သုံးပါးကံတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ကျူးလွန်တော့တာပါပဲ။ သူကျူးလွန်မိတဲ့ မကောင်းကံတွေရဲ့ အကျိုးဆက်တွေကို ခံရဦးမယ့်အပြင် မျက်မှောက်အချိန်မှာကို လူ့အဖွဲ့အစည်းနဲ့ အံဝင်ခွင်ကျမှု မရှိတာမို့ မိတ်ပျက်ခြင်း၊    နာမည်ပျက်ခြင်း၊ သိက္ခာကျခြင်း၊ ရန်များခြင်း စတဲ့ အရှုံးတရားများစွာကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တိုင်းတပါးက ကိုလိုနီနယ်ချဲ့တွေကို တွန်းလှန်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက အမျိုးသားရေးဆိုတာ တမျိုးသားတည်းအရေး မဟုတ်ပါဘူး။ တိုင်းရင်းသား လူမျိုးပေါင်းစုံ အပါအဝင်ဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် တခုလုံးအရေး ဖြစ်ပါတယ်။ မြန်မာတမျိုးတည်းအရေး မဟုတ်ပါဘူး။ ရှမ်းတမျိုးတည်းအရေး မဟုတ်ပါဘူး၊ ကချင်တမျိုးတည်းအရေး မဟုတ်ပါဘူး။ မွန်တမျိုးတည်းအရေး မဟုတ်ပါဘူး။ ရခိုင်တမျိုးတည်းအရေး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာအရေးတခုတည်း မဟုတ်ပါဘူး။ ခရစ်ယာန် ဘာသာအရေးတခုတည်း မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာတခုတည်းအရေး မဟုတ်ပါဘူး၊ ဟိန္ဒူဘာသာ တခုတည်းအရေး မဟုတ်ပါဘူး။ လူမျိုးပေါင်းစုံပါဝင်တဲ့ ပြည်ထောင်စုသားအားလုံး အရေးပါ။ ဘာသာပေါင်းစုံ ငြိမ်းချမ်းပျော်ရွှင်စွာ ယှဉ်တွဲနေထိုင်နိုင်ရေးပါ။ ဆင်းရဲချမ်းသာ၊ ရာထူးဂုဏ်သိန် အနိမ့်အမြင့် အယုတ်အလတ် အမြတ်မရွေး လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ အပြန်အလှန် လေးစားမှု၊    အသိအမှတ်ပြုမှုတွေ ဖြစ်တည်လာအောင် စောင့်ရှောက်မွေးမြူတာကိုမှ စစ်မှန်တဲ့ အမျိုးသားရေးလို့ ခေါ်နိုင်ပါတယ်။ အစ္စလာမ် တဘာသာတည်း အရေးအတွက် တခြားဘာသာတွေကို တိုက်ခိုက်ရန်လို မုန်းတီးမှုတွေနဲ့ ဆောင်ရွက်ရင်လည်း ဒါဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ် အဆိပ်အတောက် ဖြစ်သလို... ဗုဒ္ဓဘာသာအရေးအတွက် တခြားဘာသာတွေကို တိုက်ခိုက် ရန်လိုမုန်းတီးမှုတွေနဲ့ ဆောင်ရွက်ရင်လည်း ဒါဟာ လူ့အဖွဲ့အစည်းအတွက် အန္တရာယ် အဆိပ်အတောက် ဖြစ်တော့တာပါပဲ။ အမျိုးသားအရေးကို အမုန်းတရားနဲ့ ဆောင်ရွက်ရင် သူတော်ကောင်းတရားနဲ့ ဆန့်ကျင်ဘက် ဖြစ်တော့တာပါပဲ။ အမျိုးသားရေးဆိုတာ တိုင်းနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရဲ့ ကောင်းကျိုးချမ်းသာ အကျိးစီးပွားအဖြာဖြာကို မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ ဘက်လိုက်မှုကင်းစွာ၊ အဂတိကင်းစွာ၊ တော်တည့်မှန်ကန်စွာ ဆောင်ခြင်းသာ ဖြစ်ပါတယ်။ မိမိအမျိုးသားရေးကို ကာကွယ်ဖို့အတွက် တခြားလူ့အဖွဲ့အစည်းကို သိမ်းကျုံး မုန်းတီးတာ၊ ရန်လို အနိုင်ကျင့်ချင်တယ်ဆိုတာ မိမိကိုယ်ကို မယုံကြည်မှုနဲ့ ကြောက်စိတ်ရှိနေလို့ပါပဲ။ မှားယွင်းနေတဲ့ စနစ်ဟောင်းကနေ စနစ်သစ်ကို အပြောင်းအလဲမှာ ဒယဥ့်တိုက် လိုက်နေသူတွေ၊ ဘက်လိုက်နေသူတွေရဲ့ အငုံ့စိတ်မှာ ယေဘုယျအားဖြင့် ကြောက်စိတ် ၂ မျိုးရှိတာ တွေ့ရလေ့ရှိတယ်။ ၁) နိုင်ငံခြားသား လူမျိုးခြားကို မုန်းတီးမှု (ကြောက်စိတ်) ၂) နိုင်ငံရေးနဲ့ နိုင်ငံရေးသမား မုန်းတီးမှု (ကြောက်စိတ်) တိတိကျကျပြောရရင် မသိမှုနဲ့ လွန်ကဲတဲ့အတ္တ၊ မိမိကိုယ်ကို ယုံကြည်မှု နည်းပါးရာက ပေါ်လာတဲ့ မသိစိတ်ထဲက မုန်းတီးစိတ်၊ ကြောက်စိတ်က တိုက်တွန်းလို့ ဒေါသဂတိနဲ့ ဘယာဂတိ လိုက်စားတော့တာပါပဲ။ လူတိုင်း လူတိုင်းဟာ မိမိတိုင်းပြည်ရဲ့ အရေးအရာ ကိစ္စရပ်တွေ၊ နိုင်ငံရေး ကိစ္စတွေကို စိတ်ဝင်စားမှုရှိရမှာ ဖြစ်သလို မိမိအခြေအနေ ပေးသလောက်၊ မိမိ တတ်အားသလောက် ပါဝင်ပတ်သက်ဖို့ လိုအပ်တယ်။ တိုင်းပြည်အရေး ပါဝင်ပတ်သက်ရာမှာလည်း နိုင်ငံရေးအမြင်သဘောထား ကြည်လင်ပြတ်သားပြီး ရှင်းလင်းနေဖို့လိုတယ်။ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းတွေ နိုင်ငံရေးဖြစ်စဉ်တွေမှာ စဉ်ဆက်မပြတ် ထိတွေ့နေအောင် လေ့လာဖို့လိုအပ်တယ်။ အဲဒီလိုမဟုတ်ဘဲ မသိနိုးနား နေစိမ့်တဲ့အခါ နေလိုက်၊ အဆက်အစပ်မသိဘဲ ဟိုက ဖြတ်ပြေး ဒီက ဖြတ်ဝင် သမိုင်းတဖြတ်အမြင်နဲ့ မိမိခံစားချက်ကို ရှေ့တန်းတင်၊ မိမိအတ္တ၊ မိမိအကျိုးစီးပွားကိုသာ အခြေပြုလို့ မျက်ကန်းပုဏ္ဏားတွေလို ကိုယ်သိတာလောက်နဲ့ သုံးသပ်ပြီး ပြည့်စုံအောင် မသုံးသပ် မဆင်ခြင်ခဲ့ရင် အမြင်တွေဝေဝါးပြီး ဆက်ရက်ကို ချိုးထင်၊ သမက် သူခိုးထင်၊ သူခိုးကို ကယ်တင်ရှင်လို့ ထင်မှတ်မှားရင်း နိုင်ငံရေး ရာဇဝတ်မှုတွေ ကျူးလွန်မိတတ်ပါတယ်။ ဒီကနေ့ တိုင်းပြည်မှာ အရှိန်ပြင်းစွာ တောက်လောင်နေတဲ့ အမုန်းတရားကို စနစ်တကျ စီမံကိန်းချပြီး နှိုးဆွ မီးထိုးပေးလာရာ ဇာစ်မြစ်ကို ကြည့်လိုက်ရင် အာဏာလက်လွတ် ဆုံးရှုံးခဲ့ရသူတွေထဲက အပြောင်းအလဲကို လက်မခံနိုင်တဲ့ အသိုင်းအဝိုင်း လူနည်းတစုနဲ့ နောက်တော်ပါ အသိုင်းအဝိုင်းဆီက လာတယ်ဆိုတာ မပြေးသော်ကန်ရာရှိဆိုသလို မြင်နိုင်ပါတယ်။ ကြားထဲမှာ သူတို့ရဲ့ သားကောင်ဖြစ်သူတွေကတော့ အမျိုး ဘာသာ သာသနာကို မှန်မှန်ကန်ကန် မချစ်တတ်တာမို့ မီးကိုတိုးတဲ့ ပိုးဖလံမျိုးလို မိမိသန္တာန်မှာရှိတဲ့ အမုန်းမီးနဲ့ မိမိကိုယ်ကို လောင်ကျွမ်းပေးရသူတွေပါပဲ။ အာဏာဆိုတဲ့အစွယ်ကို လိုချင်တဲ့ သောနုတ္ထိုရ်မုဆိုးလို လူစားတွေနဲ့ သီလကြောင်တွေသာ အမျိုး ဘာသာ သာသနာဆိုတဲ့ သင်္ကန်းစကို တပြပြလုပ်ပြီး အမုန်းမီးတွေဖြန့်၊ လူသတ် စစ်ထောက်ခံပွဲတွေလုပ်ပြီး လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဖျက်ဆီးလို့ လက်ရှိ ပြည်သူ့အစိုးရကို အနှောင့်အယှက်ပြု ခြေထိုးနေကြတာ ဖြစ်ပါတယ်။ အမုန်းတရားနဲ့ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်လို့ မရပါဘူး။ အကျင့်သီလမကောင်းဘဲ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်လို့ မရပါဘူး။ ဒေါသနဲ့ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်လို့ မရပါဘူး။ အကြောက်တရား ဖန်တီးလို့ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်လို့ မရပါဘူး။ အနိုင်ကျင့် ဗိုလ်ကျလိုစိတ်နဲ့ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်လို့ မရပါဘူး။ အကြမ်းဖက်နည်းနဲ့လည်း အမျိုး ဘာသာ သာသနာကို စောင့်ရှောက်လို့ မရပါဘူး။ မရိုးသားစိတ်နဲ့လည်း အမျိုး ဘာသာ သာသနာကို စောင့်ရှောက်လို့ မရပါဘူး။ မေတ္တာနဲ့သာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်ပါတယ်။ အကျင့်သီလမြတ်နဲ့သာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်ပါတယ်။ ကရုဏာတရားနဲ့သာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်ပါတယ်။ မုဒိတာတရားနဲ့သာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်ပါတယ်။ ဉာဏ်ပညာဖြင့်သာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်ပါတယ်။ ရိုးသားကြင်နာမှုနဲ့သာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်ပါတယ်။ သူတော်ကောင်းတရားတွေနဲ့သာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်ပါတယ်။ ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် နိုင်ငံကိုချစ်သူ ပြည်သူတိုင်းဟာ အမျိုးသားရေးနဲ့ တမျိုးသားအရေးကို ခွဲခြားဆင်ခြင်တတ်ဖို့ လိုပါတယ်။ အာဏာငန်းဖမ်းနေပြီး ပြည်သူလူထုအပေါ် ရာစုနှစ်ဝက်ကျော် ဗိုလ်ကျအနိုင်ကျင့်ခဲ့တဲ့ လူတစုရဲ့ အမုန်းတရား ဖြန့်ချိ သွေးထိုးမှုတွေကြောင့် လူမျိုးရေး၊ ဘာသာရေး မှိုင်းမိနေတဲ့ မိမိဝန်းကျင် အသိုင်းအဝိုင်းကို နိုင်သလောက် ဆွဲထုတ်ရင်း ပြည်ထောင်စုရဲ့ အနာဂတ်ကို နင်းချေထားတဲ့ အဖျက်အားကြီးတဲ့ အမုန်းမီးကို ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ပေးကြဖို့ လေးနက်စွာ မေတ္တာရပ်ခံပါရစေ။ မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024