Home
မြန်မာသတင်း
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍများအတွက် အခြေခံမူ ၁၄ ချက် သဘောတူ
အောင်ဆန်းဦး
·
July 16, 2018
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍကြီးတွေအတွက် အခြေခံမူ ၁၄ ချက်ကို မနေ့ကကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကနေ သဘောတူဆုံးဖြတ်လိုက်ပြီး ပြည်ထောင်စု သဘောတူညီစာချုပ် အစိတ်အပိုင်း (၂) အဖြစ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။ နေပြည်တော်မှာ ကျင်းပနေတဲ့ တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ၄ ရက်ကြာ ဆွေးနွေးမှုအပြီး ပဉ္စမနေ့မှာတော့ UPDJC အစည်းအဝေးကျင်းပပြီး ဆွေးနွေးချက်အားလုံးကို ပြန်လည်သုံးသပ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၆ နာရီကြာ ဆွေးနွေးမှုအပြီးမှာတော့ တင်ပြခဲ့တဲ့ အချက် ၁၄ ချက်လုံးကို ပြည်ထောင်စု သဘောတူစာချုပ်အဖြစ် လက်မှတ်ရေးထိုးဖို့ အတည်ပြု ဆုံးဖြတ်လိုက်တာပါ။ ဒီဆုံးဖြတ်ချက်အရ ဒီကနေ့ ဇူလိုင် ၁၆ ရက်မှာ ကျင်းပမယ့် တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ပိတ်ပွဲအခမ်းအနားမှာ သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ခေါင်းဆောင်တွေက ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၂ အနေနဲ့ သဘောတူ လက်မှတ်ရေးထိုး အတည်ပြုသွားမှာ ဖြစ်တယ်လို့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အစည်းအဝေးမှာ ပြောသွားပါတယ်။ သဘောတူညီမှုရခဲ့တဲ့ အချက်တွေထဲမှာ နိုင်ငံရေးကဏ္ဍ ၄ ချက်၊ စီးပွားရေးကဏ္ဍ ၁ ချက်၊ လူမှုရေးကဏ္ဍ ၇ ချက်၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင် ကဏ္ဍ ၂ ချက် စုစုပေါင်း ၁၄ ချက် ပါဝင်ပါတယ်။ နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှုမှာ တပ်မတော်နဲ့ သဘောထားကွဲလွဲခဲ့တဲ့ နိုင်ငံတော်အမည် အသုံးအနှုန်းနဲ့ ပတ်သက်ပြီး သဘောတူညီမှုရရှိသွားပြီ ဖြစ်တယ်လို့ UPDJC ဒုဥက္ကဋ္ဌ တဦးဖြစ်တဲ့ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ''ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု၏ လို့ သုံးခဲ့တယ်။ အဲဒီမှာ နာမဝိသေသန လိုအပ်တယ်။ တပ်မတော်ဘက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်လို့ အဆိုပြုခဲ့တယ်။ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ညှိနှိုင်းပြီးတော့ အန်စီအေ စာချုပ်မှာပါတဲ့အတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်လို့ ထည့်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ အဆင်ပြေသွားပါတယ်''လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဒုတိယအကြိမ် ညီလာခံကနေ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း အဖြစ် ၃၇ ချက်အတည်ပြုထားခဲ့ပြီး အခုတတိယအကြိမ် ညီလာခံမှာ ထပ်မံအတည်ပြုမယ့် ၁၄ ချက်နဲ့ဆိုရင်  ပြည်ထောင်စု သဘောတူစာချုပ်မှာ စုစုပေါင်း အချက် ၅၁ ချက် ရှိပြီဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024