လိုဏ်ဂူထဲက ကယ်ထုတ်ခဲ့သည့် ထိုင်းလူငယ် ၄ ဦးကို ချင်းရိုင်ဆေးရုံတွင် စောင့်ရှောက်ထား
DVB
·
July 9, 2018
ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဆိုင်မြို့ရှိ ခွန်နမ့်ဒွိုင်နန်းနွန်း လိုဏ်ဂူရဲ့ အပြင်ကို ကယ်ထုတ်နိုင်ခဲ့တဲ့ ထိုင်းလူငယ်ဘောလုံးသမား ၄ ယောက်ကို ဇူလိုင် ၉ ရက်မနက်က ချင်းရိုင် ဆေးရုံမှာ ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိအောင်နဲ့ စိတ်ကျန်းမာရေးတွေကို အဓိကထား ကျန်းမာရေး စောင့်ရှောက်မှု ပေးထားပါတယ်။
အခုလက်ရှိ အပြင်ရောက်လာတဲ့ ကလေး ၄ ယောက်ကို ဂူအတွင်း ရက်ရှည်နေခဲ့ရတဲ့ အတွက် ကူးစက်ရောဂါတွေမရှိအောင် သွေးစစ်ဆေးတာနဲ့ အဆုတ်ကို ဓာတ်မှန်ရိုက် စစ်ဆေး နေပြီး စိတ်ကျန်းမာရေးဆရာဝန်နဲ့ စိတ်ကျရောဂါတွေ မဖြစ်ပေါ်အောင် စောင့်ရှောက်ပေး နေတာပါ။
ကလေးတွေအားလုံးအတွက် ချင်းရိုင်ဆေးရုံရှိ သီးသန့်ခန်းမှာ ၁၃ ယောက်စာအတွက် ပြင်ဆင်ပေးပြီး အပြင်လူတွေနဲ့ တွေ့ဆုံခွင့်မပေးပါဘူး။ မိဘတွေတောင်မှ ကူးစက်ရောဂါ ကာကွယ်ဖို့အတွက် ပိုးသတ်ဆေးဝတ်စုံတွေ ဝတ်ဆင်စေကာ ၂ မီတာအကွာကနေသာ ပြောဆို ဆက်ဆံခွင့် ပေးထားပါတယ်။
ဇူလိုင် ၉ ရက်နေ့မှာတော့ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မှာလှေမှောက်တဲ့ အခြေအနေကို သွားရောက်ကြည့်ရှုနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟာ မယ်ဆိုင်မြို့က ကျောက်လှိုဏ် ဂူကို လာရောက်မှာ ဖြစ်ပြီး ကလေးတွေကို ဝင်ရောက်တွေ့ဆုံခြင်း ရှိ/မရှိတော့ မသိရသေးပါဘူး။
အခုလက်ရှိ ချင်းရိုင်ဆေးရုံမှာ အစောင့်အကြပ်တွေ လျှော့ထားပြီး လမ်းပိတ်ဆို့ ထားခြင်းတော့ မရှိပါဘူး။ လှိုဏ်ဂူအတွင်းက ကျန်ရှိနေသေးတဲ့ လူငယ် ဘောလုံးသမားကလေး ၉ တွေကို ဆက်လက် ကယ်ထုတ်နေတယ်လို့ သိရပြီး ဘယ်အချိန်မှာ ထွက်လာမယ်တော့ မသိရသေး ပါဘူး။
မယ်ဆိုင်မြို့ကို လာရောက်သတင်းယူနေတဲ့ သတင်းမီဒီယာသမားတွေကိုလည်း ဆေးရုံရှေ့မှာ သတင်းယူခွင့် ပေးထားသလို ဂူအရှေ့နားက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ လည်း မီဒီယာစင်တာဖွင့်လှစ်ပြီး သတင်းယူခွင့်ပြုထားပါတယ်။
သတင်း - ကိုဇက်