Home
မြန်မာသတင်း
အာဇာနည်ဗိမာန်သို့ ပစ္စည်း ၉ မျိုး ယူဆောင်ခွင့် ပိတ်ပင်
DVB
·
July 9, 2018
လာမယ့် ဇူလိုင် ၁၉ ရက်မှာ  ကျရောက်မယ့် ၇၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အဆင့် အခမ်းအနားကျင်းပမယ့် အာဇာနည်ဗိမာန်နေရာကို ပန်းခွေနဲ့ ပန်းစည်းတွေ အပါအဝင် ပစ္စည်း ၉ မျိုးကို ယူဆောင်လာခွင့် သက်ဆိုင်ရာက ပိတ်ပင်ထားပါတယ်။ ပိတ်ပင်ထားတဲ့ ပစ္စည်းတွေထဲမှာ ပန်းခွေ၊ ပန်းစည်းနဲ့ ပန်းခြင်းအမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်းနဲ့ ဘူးအမျိုးမျိုး၊ အလံအမျိုးမျိုး၊ အလံကိုင်ဆောင်ရာမှာ အသုံးပြုတဲ့ တုတ်၊ သံပိုက်နဲ့ ကော်ပိုက်တွေ၊ လက်ကိုင်အိတ် အမျိုးမျိုးနဲ့ မီးခြစ်အမျိုးမျိုးတို့ ပါဝင်ပါတယ်။ အာဇာနည်ဗိမာန်သို့ ဂါရဝပြုဖို့ လာရောက်ကြတဲ့ မိဘပြည်သူတွေအနေနဲ့ အထက်ပါ ပစ္စည်းတွေကို ယူဆောင်လာပါက အာဇာနည်ဗိမာန်ကို ဝင်ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း အာဇာနည်နေ့ အခမ်းအနား လုံခြုံရေးနဲ့စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီက အသိပေး ကြေညာထားပါတယ်။ အာဇာနည်နေ့ အခမ်းအနားသို့ အများပြည်သူ လာရောက် ဂါရဝပြုနိုင်ဖို့  အာဇာနည်ဗိမာန်ကို ဇူလိုင် ၁၉ ရက် မွန်းလွဲ ၁၂ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးထားမှာ ဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ပြတိုက်နဲ့  အတွင်းဝန်များ ရုံးဟောင်းတို့ကိုလည်း သွားရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါနေရာတွေရဲ့ အဝင်အထွက် လမ်းကြောင်းနဲ့ ဂိတ်တွေမှာ လုံခြုံရေးအရ ရှာဖွေစစ်ဆေးမှာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ ကြည်ဖြူစွာ အစစ်ဆေးခံယူကြဖို့လည်း ပန်ကြားထားပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၁၈ ရက်ညနေ ၆ နာရီမှ ဇူလိုင်လ ၁၉ ရက် ညနေ ၆ နာရီအထိ အာဇာနည်ဗိမာန်အနီး လမ်းကြောင်းတွေကို ယာဉ်တွေ ဖြတ်သန်းသွားလာမှု ယာယီ ပိတ်ထားမယ်လို့လည်း ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024