ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ခွင့်ရပြီ
ရွှေအောင်
·
July 9, 2012
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေစာအုပ်ပါ အချက်အလက်တွေအရ ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းစွာ စုဝေးစီတန်းခွင့်ရပြီလို့ စုံစမ်းသိရှိရပါတယ်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေစာအုပ်ကို ဒီနေ့ကျင်းပတဲ့ လွှတ်တော်တွင်းမှာ ဝေငှခဲ့ပြီး နည်းဥပဒေစာအုပ်ပါ အချက်အလက်တွေအရ ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းစွာ စုဝေးစီတန်းခွင့်ရပြီလို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။
[caption id="attachment_13575" align="alignright" width="300" caption="ဦးသိန်းညွန့် (ဓာတ်ပုံ - ဒီဗွီဘီ)"][/caption] “နည်းဥပဒေအရ အမည်နဲ့ အဓိပ္ပာယ်ဖော်ပြချက်၊ ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း၊ အယူခံဝင်ခြင်း၊ အထွေထွေတွေပေါ့။ အဲဒီမှာ အရေးကြီးတာက နောက်ဆက်တွဲ ဖော်ပြထားတဲ့ ပုံစံတွေပေါ့ဗျာ။ အခုဆိုရင် ပုံစံတွေ ထွက်လာပြီ။ ငြိမ်းချမ်းစွာ စုဝေးခွင့် ပြုမယ်ဆိုရင် ရဲတပ်ဖွဲ့မှူးထံ လျှောက်ထားရမယ့် ပုံစံ။ အဲဒါနဲ့ ပတ်သက်ရင် အသေးစိတ်ပါတယ်။ အဲဒီလို ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့် လျှောက်ထားတဲ့ ပုံစံတွေ ပါလာပြီ။ မြို့နယ် ရဲတပ်ဖွဲ့မှူးကို တင်တဲ့ပုံစံပေါ့။ တိုင်းဒေသ ပြည်နယ်တွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေလည်း ဒါတွေနဲ့ ပတ်သက်ပြီး ခွင့်ပြုမိန့်ပေးနိုင်တဲ့ ပုံစံတွေ ပါလာပြီ။ ဒီလျှောက်လွှာကို ငြင်းပယ်မယ်ဆိုရင်လည်း ငြင်းပယ်တဲ့ အမိန့်ပေါ့။ ငြင်းပယ်တာကို အယူခံတင်မယ်ဆိုရင် အဲဒီအယူခံကို ခွင့်ပြုတဲ့အမိန့်ပေါ့။ ပလပ်ရင်လည်း ပလပ်တဲ့ အမိန့်ပေါ့။ အဲဒီလို ပုံစံ အသီးသီး အသေးစိတ် ထွက်လာတာ။ လုပ်ထုံးလုပ်နည်း ဆိုင်ရာတွေ ပြည့်စုံလာတဲ့အတွက် ပြည်ထောင်စု အစိုးရ ပြဋ္ဌာန်းထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ အခွင့်အရေးတွေကို ပြည်သူတွေ ဥပဒေဘောင်တွင်းက ရယူပြီး သုံးလို့ရနေပြီပေါ့။”
ဒီနည်းဥပဒေဟာ အခုလိုဒီမိုကရေစီအသွင်ကူးပြောင်းစ သိမ်မွေ့တဲ့ကာလမှာ အလုပ်လုပ်လို့ရတဲ့ နည်းဥပဒေ ဖြစ်တယ်လို့လည်း ဦးသိန်းညွန့်က ပြောပါတယ်။
အခုထွက်ပေါ်လာတဲ့ ငြိမ်းချမ်းစွာစုဝေးစီတန်းလှည့်လည်ခွင့် နည်းဥပဒေကို လွှတ်တော်က ဆွေးနွေးစရာ မရှိရင် ရက်ပေါင်း ၉၀ အတွင်း အတည်ဖြစ်မှာဖြစ်ပြီး နည်းဥပဒေမှာ စီတန်းလှည့်လည်ဖို့ ရက်ပေါင်း ၉၀ စောင့်ရမယ်လို့ မပါရှိတဲ့အတွက် ငြိမ်းချမ်းစွာစုဝေးခွင့် လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်ခွင့် ဥပဒေကို ပြီးခဲ့တဲ့နှစ်ထဲ ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးက အတည်ပြုခဲ့တာဖြစ်ပြီး ၆ လလောက်အကြာမှာ အခုလိုနည်းဥပဒေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။