Live
Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့ နုတ်ထွက်သည့်ကိစ္စ သူရဦးရွှေမန်း စာအုပ်ထုတ်ဝေ
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 15, 2018
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလအတွင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ နုတ်ထွက်တာနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်ကို ပြုစုရေးသားထားတဲ့ စာအုပ်မိတ်ဆက်အခမ်းအနားကို ဇွန် ၁၄ ရက်က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီစာအုပ်ကို ပြည်ထောင်စုလွှတ်တော် နာယကဟောင်းနဲ့ လက်ရှိ ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေတဲ့ သူရဦးရွှေမန်းက ရေးသားထားတာဖြစ်ပါတယ်။ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ နိုင်ငံတော်သမ္မတရဲ့ ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၆ ရက်က ရာထူးတာဝန်ကနေ နုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ခုံရုံးအဖွဲ့ဟာ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့တွေဟာ “ပြည်ထောင်စုအဆင့် အဖွဲ့အစည်း” မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အတွက် လွှတ်တော်တွေဘက်က မကျေနပ်မှုတွေ ပေါ်ပေါက်ခဲ့ပြီး နောက် နုတ်ထွက်ခဲ့တာလို့ စာအုပ်ရဲ့ ဥယျောဇဉ်မှာ ဖော်ပြပါတယ်။ ခုံရုံးအဖွဲ့ နုတ်ထွက်မှုဆိုင်ရာ လေ့လာတွေ့ရှိချက်၊ နိုင်ငံတော်သမ္မတ ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်ရဲ့ တင်သွင်းလွှာ၊ တင်သွင်းလွှာအပေါ် ပြည်ထောင်စုလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေရဲ့ ရှင်းလင်းချက်၊ တင်သွင်းလွှာအပေါ် ပြည်သူ့လွှတ်တော်ရဲ့ ရှင်းလင်းချက်နဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ လျှောက်လဲချက်တွေလည်း ဒီစာအုပ်မှာ ပါရှိပါတယ်။ ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ရဲ့ လျှောက်လဲချက်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်၊ ခုံရုံးနဲ့ ဆက်စပ်ပြီး ပြည်သူ့လွှတ်တော်က ဖွဲ့စည်းတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာ ကောက်နုတ်ချက်တွေလည်း ဖော်ပြပါရှိပါတယ်။ အလားတူ ခုံရုံး နုတ်ထွက်ခြင်းဆိုင်ရာ လေ့လာတွေ့ရှိချက်ရဲ့ ရက်စွဲစဉ်မှတ်တမ်း၊ ခုံရုံး ဥပဒေ၊ နည်းဥပဒေတွေနဲ့ ရည်ညွှန်းကိုးကားစာရင်းတွေကိုလည်း ရေးသားဖော်ပြထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024