Live
Home
မြန်မာသတင်း
ရခိုင်ကော်မရှင်ကို ပြည်တွင်းပညာရှင်များဖြင့် ဖွဲ့စည်းရန် အရေးကြီးအဆို ရှုံးနိမ့်  
အောင်ဆန်းဦး
·
June 11, 2018
  ရခိုင်ပြည်နယ်အတွင်း လူ့ခွင့်အရေးချိုးဖောက်မှုတွေကို စစ်ဆေးဖို့ နိုင်ငံတကာ ပညာရှင် တွေအစား ပြည်တွင်းပညာရှင်တွေနဲ့ စစ်ဆေးဖို့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် တင်သွင်းတဲ့ အရေးကြီးအဆိုကို ကန့်ကွက်သူများတဲ့အတွက် ရှုံးနိမ့်သွားပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အဆိုကို ဆွေးနွေးတဲ့ကိုယ်စားလှယ်တွေထဲက ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်တွေ၊ ရခိုင်ပါတီကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တို့က အဆိုရှင်တင်ပြတဲ့အတိုင်း ပြည်တွင်းပညာရှင်တွေနဲ့ စစ်ဆေးဖို့ ထောက်ခံဆွေးနွေးခဲ့ပါတယ်။ အန်အယ်လ်ဒီ ပါတီကိုယ်စားလှယ်တွေကတော့ အစိုးရရဲ့ ထုတ်ပြန်ချက်အတိုင်း ထားရှိပြီး အဆိုကို လွှတ်တော်က အတည်မပြုဖို့ ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။ အစိုးရအဖွဲ့ကိုယ်စားလာရောက်ဖြေဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်မောင်တင်ကလည်း အဆိုကို အတည်မပြုဖို့ တင်ပြဆွေးနွေးခဲ့ပြီး အခုလို ဆွေးနွေးရ တာဟာ နိုင်ငံတကာက စွပ်စွဲနေတာတွေကို ဖြေရှင်းနိုင်ဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်တာဖြစ်တဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူ့ခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ဆေးဖို့ နိုင်ငံတကာပညာရှင် အဖွဲ့အစား ပြည်တွင်းပညာရှင်တွေနဲ့ စစ်ဆေးဖို့ အရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ် အများစုရဲ့ ဆုံးဖြတ်ချက်နဲ့ အတည်မပြုဘဲ နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်အတိုင်း အတည်ပြုလိုက်တဲ့အတွက် အစိုးရရဲ့ လုပ်ဆောင်ချက်ကိုသာ စောင့်ကြည်ရမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးသောင်းအေးက ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွှယ်တဲ့ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တခုကို ဖွဲ့စည်းသွားမယ်လို့ နိုင်ငံတော်သမ္မတရုံးက မေလ ၃၁ ရက်မှာ ထုတ်ပြန်ထားတာပါ။ ကော်မရှင်မှာ နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတဦးအပါအဝင် အဖွဲ့ဝင် သုံးဦးပါဝင်မှာဖြစ်ပြီး ကော်မရှင်ကို ပြည်တွင်းနဲ့ နိုင်ငံတကာမှ ဥပဒေနဲ့ နည်းပညာ ကျွမ်းကျင်သူတွေက ပံ့ပိုးပေးမယ် ဒါပေမယ့် အဆိုပါ နိုင်ငံတကာက ပုဂ္ဂိုလ်ကြီးတဦးဆိုတာ ဘယ်သူဘယ်ဝါလဲ ဆိုတာကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။ ဒီကနေ့ ဇွန်လ ၁၁ ရက် ပြည်သူလွှတ်တော်အစည်းဝေးမှာ မေးခွန်း ၆ခု မေးမြန်းဖြေဆိုခဲ့ပြီး ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အရေးကြီးအဆိုတစ်ခုကို ဆွေးနွေးဆုံး ဖြတ်ခဲ့တဲ့အပြင် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတစ်စောင် အတည်ပြုခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024