Home
မြန်မာသတင်း
သထုံတွင် ဘောလုံးလေ့ကျင့်ရေးကွင်း တည်ဆောက်နိုင်ရေး မွန်လွှတ်တော်တွင် အဆိုတင်
DVB
·
June 4, 2018
သထုံမှာ ဘောလုံးလေ့ကျင့်ရေး အားကစားကွင်း တည်ဆောက်နိုင်ဖို့ မွန်ပြည်နယ် လွှတ်တော်မှာ ဒီနေ့ လွှတ်တော်ကိုယ်စားလှယ်တဦးက အဆိုတင်ခဲ့ပါတယ်။ မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ဘောလုံးလေ့ကျင့်ရေးအားကစားကွင်း မရှိတဲ့အတွက် ဘောလုံးအားကစားဝါသနာရှင်တွေ အခက်ခဲဖြစ်နေပြီး ခရိုင်အဆင့် ဘောလုံးကွင်းကိုလည်း သထုံမြို့နယ်က ၀ါသနာရှင်တွေ ကစားခွင့်မရဘဲ ပိတ်ထားတဲ့အတွက် ဘောလုံးလေ့ကျင့်ရေး အားကစားကွင်း တည်ဆောက်ပေးဖို့ ရှိ၊ မရှိ အဆိုကို သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မေလ ၄ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်မှာ မေးမြန်းတင်ပြခဲ့ပါတယ်။ “မြို့နယ်မှာနေတဲ့ ကျောင်းသားလူငယ်များအတွက်ရော၊ မြို့မှာရှိတဲ့ ပြည်သူလူထု အတွက်ရော အပန်းဖြေကစားနိုင်သည့် ဘောလုံးကွင်းများ လုံးဝမရှိသလောက်ကို ဖြစ်နေပါ တယ်။ ခရိုင်အဆင့် ဘောလုံးကွင်းကလွဲ၍ ဘောလုံးကစားလေ့ကျင့်နိုင်သည့် လေ့ကျင့်ရေး ကွင်း လုံးဝမရှိပါဘူး။ ဒါကြောင့် ဘောလုံးအားကစားဝါသနာပါသူများအတွက် အခက်ခဲများစွာ ဖြစ်ပေါ်နေရပါတယ်” လို့ ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။ ဘောလုံးလေ့ကျင့်ရေးကွင်း တည်ဆောက်နိုင်ဖို့ အားကစားနဲ့ ကိုယ်ကာယဌာနပိုင် မြေတွေ အလုံအလောက်ရှိဖို့ လိုအပ်ပြီး မြေနေရာရှိမှသာ ဘတ်ဂျက်တောင်းခံပြီး ဆောင်ရွက် ပေးနိုင်မယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက ပြောပါတယ်။ “သထုံမြို့နယ်အတွက် ဘောလုံးလေ့ကျင့်ရေးကွင်းတခု အကောင်ထည်ဖော် ဆောင်ရွက် ပေးဖို့အတွက် သထုံမြို့နယ်မှာ အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် အားကစားကွင်းမြေ အဖြစ် ပိုင်ဆိုင်ရအောင် ပထမဦးစွာဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဌာနပိုင်မြေရရှိပြီးမှသာလျှင် ဘတ်ဂျက်ခွင့်ပြုငွေတောင်းခံပြီး အကောင်ထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”လို့ဝန်ကြီးက ပြောပါတယ်။ ရပ်ကွက်ကျေးရွာ အားကစားကွင်းတွေဖြစ်ပေါ်လာစေဖို့ မြို့နယ်မြေစာရင်းဦးစီးဌာနရဲ့ ရပ်ကွက်ကျေးရွာအုပ်စု အဖွဲ့ပြ မြေပုံမှာ မြေလွတ်မြေလပ်တွေကို စိစစ်ပြီး အားကစားကွင်းတွေ အဖြစ်သတ်မှတ်နိုင်ရေး စည်းကမ်းချက်တွေနဲ့အညီ သက်ဆိုင်ရာဌာနတွေကို တင်ပြလျှောက် ထားဖို့ လိုအပ်ကြောင်း၊ ဘောလုံးကွင်းတစ်ကွင်းမှာ အလျား ၃၄၅ ပေ၊ အနံ ၂၂၅ ပေခန့် မြေနေရာ အကျယ်လိုအပ်နေပြီး မြေလွတ်မြေလပ်တွေကို ဖော်ထုတ်ပြီး သက်ဆိုင်ရာ အားကစားနှင့်ကာယပညာဌာနကို တင်ပြရမယ်လို့ ၀န်ကြီးက ဆိုပါတယ်။ သထုံမြို့နယ်မှာ ကျေးရွာအုပ်စု (၅၄) ရွာအုပ်စုရှိပြီး လူဦးရေ ၂ သိန်းခွဲကျော် နေထိုင်ပေမယ့် အပန်းဖြေဘောလုံးလေ့ကျင့်ရေး ကွင်း လက်ရှိအချိန်ထိ မရှိသေးပါဘူး။ အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024