လားရှိုးတွင် မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများ ဖမ်းမိ
DVB
·
June 1, 2018
လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါးတွေ၊ လက်နက်/ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
လားရှိုးမြို့နယ်၊ မန်ဆာပန်ဝကျေးရွာအနီး မေ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ တပ်မတော်က နယ်မြေရှင်းလင်းစဉ် တဲနှစ်လုံးအားတွေ့ရှိပြီး အရပ်ဝတ်နဲ့ လူ ၆ ဦး တဲအတွင်းမှ ထွက်ပြေးသွားလို့ ဆက်လက်ရှာဖွေရာ တဲအနီးရှိ ဒေါင်ဖန်းဖောယာဉ်အတွင်းမှ အောင်မြတ်(ခ)အားတီကို တွေ့ရှိခဲ့ပါတယ်။
တဲအတွင်းမှ အိုက်စ် ၁ ကီလို၊ ဆူဒိုအက်ဖီဒရင်းအမှုန့် ၇ ဒသမ ၅ ကီလို၊ ဟိုက်ဒြိုကလိုရစ် အက်စစ် ၅၅ လီတာ၊ ဆိုဒီယမ်ဟိုက်ဒြောဆိုဒ် ၁,၅၀၀ ကီလို၊ အက်စစ်တစ်အင် ဟိုက်ဒရိုဒ် ၄၀ လီတာ၊ သိုင်အိုနိုင်းကလိုရိုဒ် အရည် ၁၆ လီတာ၊ တာတာရစ်အက်စစ်အမှုန့် ကီလို ၂၀၊ အရောင်ဆိုးဆေး အမှုန့် ၄ ကီလို၊ ဆား ၄၀၀ ကီလို၊ ပလတ်စတစ်ကပ်ခွာအိတ်ငယ် ၁၆,၂၅၀ အိတ်၊ ဂက်(စ်)အိုး ၉၁ လုံး၊ မီးစက် ၁ လုံး၊ မော်တာတပ်ဆင် မွှေစက် ၁ လုံး၊ ပလတ်စတစ်အိတ်ပိတ်စက် ၁ လုံး၊ ဓာတ်ခွဲခန်းသုံး ခေါင်းစွပ် ၄ ခု၊ အခြောက်ခံသံဇလား ၃ ခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒါ့အပြင် ပွိုင့် ၂၂ မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ပွိုင့် ၂၂ ကျည် ၈ တောင့်၊ အမ်-၂၂ ကျည် ၄၃ တောင့်၊ အမ်-၂၂ ကျည်အိမ် (အရှည်) နှစ်ခု၊ အမ်- ၂၂ ကျည်အိမ် (အတို) ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ အီကွေးမင့်တစုံနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အောင်မြတ်(ခ)အားတီ (၂၁) နှစ် အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။