Home
မြန်မာသတင်း
မွန်ပြည်နယ် ရာဘာစိုက်တောင်သူများကို ပျိုးပင်များ အခမဲ့ထောက်ပံ့
DVB
·
May 27, 2018
  မွန်ပြည်နယ်မှာ ရာဘာပင်အိုတွေကို ခုတ်လှဲမှုတွေများပြားနေတဲ့အတွက် မေလ ၂၅ ရက်နေ့က ရာဘာသစ်ကုမ္ပဏီတွေရဲ့အကူအညီနဲ့ ရာဘာပျိုးပင် ၆၈၀၀၀ ကို တောင်သူတွေ အတွက် အမခဲ့ထောက်ပံ့ပေးခဲ့ပါတယ်။ အဲ့ဒီလိုထောက်ပံ့နိုင်ဖို့အတွက် နိုင်ငံခြားကို တင်ပို့ရောင်းချနေတဲ့ ရာဘာသစ်ကုမ္ပဏီတွေ ဖြစ်တဲ့ MOS Lumber Products Co,Ltd ၊ မိုးမြချယ်ကုမ္ပဏီ လီမိတက်၊ Honda (Myanmar) ၊ မြ၀တီထရေးရှင်း၊ Nature Timber ၊ Fine Ply Myanmar နဲ့Dammar Pine Family စတဲ့ ကုမ္ပဏီ ၇ ခုမှ စိုက်ပျိုးရေးဦးစီးဌာနနဲ့ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့တာလို့ သိရပါတယ်။ “ရာဘာသစ်တွေကို Export ပို့တဲ့ကုမ္ပဏီတွေက သူတို့ဆီမှာ ရာဘာသစ်တွေ လာရောင်း တဲ့ တောင်သူတွေကို ထောက်ပံ့ပေးတာပါ” လို့ ရာဘာကဏ္ဍဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမြင့်ခိုင်က ပြောပါတယ်။ ထောက်ပံ့ပေးခဲ့တဲ့ ရာဘာပျိုးပင်တွေကတော့ PB 235 ၊ PB 260 ၊ BPM 24 တို့ဖြစ်ပြီး လက်ရှိမွန်ပြည်နယ်မှာ ရာဘာပင်အိုဧက ၈၀၀၀၀ ၀န်းကျင်အနက် ဧက ၁၀၀၀၀ နီးပါး ခုတ်လှဲထားတဲ့အတွက် ပျိုးပင်များစွာ ပြန်လည်အစားထိုးဖို့ လိုအပ်နေတာပါ။ ရာဘာသစ်ကုမ္ပဏီတွေကိုယ်စား MOS Lumber Products ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်လင်းဦးက “ရာဘာကုန်ကြမ်းတွေ ရေရှည်ရရှိဖို့အတွက် ရာဘာစိုက်ပျိုးတဲ့ သူတွေက ပြန်စိုက်နေမှသာ လုပ်ငန်းတွေ လည်ပတ်နိုင်တာပါ။ သူတို့ စိုက်ပျိုးထုတ်လုပ်တဲ့ အဆင့်ကနေပြီးတော့ အစ်ကိုတို့အနေနဲ့ ဘယ်လိုပြန်ကူညီရမလဲပေါ့။ အခု စီးပွားရေးလုပ်ငန်းတွေကလည်း လူမှုတာဝန်သိ စီးပွားရေးလုပ်ငန်း အသွင်ကူးပြောင်းနေပြီ ဆိုတော့ အစ်ကိုတို့အနေနဲ့ ရာဘာပင်ပျိုလေးတွေကို ဆက်စပ်နေတဲ့ တောင်သူတွေအတွက် အခမဲ့ပံ့ပိုးပေးခြင်းဖြင့် ရာဘာစေးကနေ ရာဘာထုတ်တဲ့အထိ အဆင့်ဆင့်ထုတ်ပြီးတဲ့အခါမှာ နောက်ဆုံးရာဘာပင်အို ခုတ်လှဲတဲ့အခါ ရာဘာသစ်ထုတ်လုပ်ရေးကဏ္ဍကို တဖန် ပြန်လည် ရောက်ရှိလာမှာ ဖြစ်ပါတယ်” လို့  ပြောပါတယ်။ ကော့ကရိတ်မြို့နယ်မှ ရာဘာစိုက်တောင်သူ ဦးကျော်ဟိန်းကလည်း “ကိုယ့်ကိုယ်ပိုင်မြေ တကွက်ရှိတယ်။ အဲ့ဒီမှာ ပြန်စိုက်ချင်ပေမယ့် မျိုးအခက်ခဲဖြစ်နေတယ်။ အပြင်ပေါက်ဈေးတွေ ကလည်း တအားကြီးနေတယ်။ ဒီလိုကုမ္ပဏီတွေက ထောက်ပံ့ပေးရင်တော့ အင်မတန်ကောင်း တဲ့ လမ်းစဉ်တခုပါ” လို့ပြောပါတယ်။ ရာဘာပင်အိုခုတ်လှဲမှုတွေ များပြားနေတဲ့ မွန်ပြည်နယ်မှာ ရာဘာပျိုးပင် ၃ သိန်းအထိ ထောက်ပံ့ပးဖို့ စီစဉ်ခဲ့ကြပေမယ့် ကရင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးမှ ရာဘာစိုက်ပျိုး ထုတ်လုပ်သူတွေက ပျိုးပင်တစ်ပင် အရင်းဈေး ၂၅၀ ကျပ်နဲ့ များစွာ လာရောက်ဝယ်ယူ သွားတဲ့အတွက် ၇ သောင်းဝန်းကျင်သာ ကျန်ရှိခဲ့ပြီး လာမယ့်ဘတ်ဂျက်နှစ်မှာ မတ်လ မတိုင်ခင် ကတည်းက ပျိုးပင်တွေကို အခုထက် ပိုမိုထောက်ပံ့ပေးဖို့ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထွေးက ဆိုပါတယ်။ မွန်ပြည်နယ်မှာ ရာဘာစိုက်ဧက ၅ သိန်းဝန်းကျင်ရှိပြီး တစ်နှစ်ကို ရာဘာတန်ချိန် ၁ သိန်းကျော်ထုတ်လုပ်လျက်ရှိပါတယ်။ သတင်း - အာကာမင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024