နျူကလီးယားလက်နက် စမ်းသပ်သည့်နေရာ မြောက်ကိုရီးယား ဖောက်ခွဲဖျက်ဆီး (ရုပ်သံ)

သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ထိပ်သီးဆွေးနွေးပွဲ ဖျက်သိမ်းခဲ့မှုအပေါ် ဝမ်းနည်းစိတ်ပျက်မိတယ်လို့  မြောက်ကိုရီးယားဘက်က ပြောလိုက်ပြီး အဲဒီနေ့မှာပဲ နျူကလီးယာလက်နက် စမ်းသပ်ဖောက်ခွဲတဲ့နေရာတွေအား ဖျက်ဆီးလိုက်တဲ့ရုပ်သံ ထုတ်ပြန်လိုက်ပါတယ်။ အစည်းအဝေးဖျက်သိမ်းတယ်လို့ ထရမ့်ရဲ့ ကြေညာမှုအပြီးမှာ မြောက်ကိုရီးယားဘက်က အကြီးအကျယ်စိတ်ပျက်ဝမ်းနည်းမှုအဖြစ် ဖော်ပြပြီး ဘယ်အချိန်မှာ ဘယ်ပုံစံနဲ့ဖြစ်ဖြစ် အမေရိကန်နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိတုန်းပဲလို့လည်း မြောက်ကိုရီးယားက မေ ၂၅ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ပြောလိုက်တာပါ။ ဆွေးနွေးပွဲအတွက် ကင်ဘက်က ပြင်ဆင်နေခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ ဖျက်သိမ်းမှုအပေါ် အံ့သြကြောင်း ပြခဲ့တယ်လို့ မြောက်ကိုရီးယားရဲ့ ပထမဆုံး ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ လာမယ့် ထိပ်သီးအစည်းအဝေး ဖျက်သိမ်းကြောင်း ရုတ်တရက် ကြေညာချက်က သူတို့အတွက် မျှော်လင့်ထားတာမဟုတ်ဘဲ သူတို့ဘက်ကတော့ မဖျက်သိမ်းဘူး။ ဒါပေမယ့် ဒီကိစ္စက အကြီးအကျယ် စိတ်ပျက်ဝမ်းနည်းဖွယ်ပဲလို့ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးက မေလ ၂၅ ရက်နေ့က နိုင်ငံပိုင် ကေစီအန်အေသတင်းဌာနကနေ ပြောကြားလိုက်တာပါ။ “ပြဿနာကို ဖြေရှင်းဖို့အတွက် ဘယ်ပုံစံနဲ့ ဘယ်အချိန်မှာမဆို မျက်နှာချင်းဆိုင်ထိုင်ပြီး ဆွေးနွေးဖို့ ကျနော်တို့ဘက်က ဆန္ဒရှိတယ်ဆိုတာ အမေရိကန်နိုင်ငံကို ထပ်ပြီး ပြောပါတယ်။ ကျနော်တို့ရဲ့ ဥက္ကဋ္ဌကြီး ကင်မ်ကလည်း သမ္မတထရမ့်နဲ့ဆွေးနွေးပွဲက အစကောင်းကို ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်မယ်။ ဒါအတွက် ပြင်ဆင်အားထုတ်နေတယ်။” Punggye-ri နျူကလီးယား စမ်းသပ်တဲ့နေရာကို ဖျက်ဆီးရာမှာ ဘယ်လောက် အတိုင်းအတာအထိ ဖျက်စီးတယ်ဆိုတာ မသိရပေမယ့် ဒီလိုဖျက်ဆီးတာကို အမေရိကန်နဲ့ ဗြိတိန်တွေအပါအဝင် နိုင်ငံခြားသတင်းထောက်တွေကို သက်သေခေါ်ခဲ့တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကလည်း အမေရိကန်- မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ စီစဉ်ထားသလို ဖြစ်မလာလို့ ပဟေဠိဖြစ်နေတယ်လို့ ပြောကြောင်း သိရပါတယ်။ ဝါရှင်တန်ဒီစီမှာ မေလ ၂၂ ရက်နေ့က သမ္မတမွန်ဂျေအင်းနဲ့ ဒေါ်နယ်ထရမ့်တို့ တွေ့ခဲ့ပေမယ့် မေလ ၂၄ ရက်နေ့က အမေရိကန်သမ္မတရဲ့ ဆုံးဖြတ်မှုအပေါ် သတိပြုမိခဲ့ပုံမရဘူးလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up