ဗင်နီဇွဲလား ရွေးကောက်ပွဲကို အတိုက်အခံရာချီ ဆန္ဒပြ

လာမယ့် ဗင်နီဇွဲလား သမ္မတ ရွေးကောက်ပွဲကို အတိုက်အခံ ရာနဲ့ချီ ဆန္ဒပြခဲ့ကြပြီး အဲဒီရွေးကောက်ပွဲဟာ အကြံအဖန်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံ၊ မြို့တော် ကာရာကတ်မှာ မေ ၁၆ ရက်နေ့က ရာနဲ့ချီတဲ့ အတိုက်အခံတွေဟာ အမေရိကနိုင်ငံများအဖွဲ့ဌာနချုပ်ရှိရာကို ချီတက်ကြပြီး လာမယ့် တနင်္ဂနွေနေ့ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အတိုက်အခံဘက်မှ လူကြိုက်များ ခေါင်းဆောင် နှစ်ဦးကို ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်တားမြစ်ထားတဲ့အတွက် အဲဒီရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ မာဒူရိုသာ ပြန်လည်ရွေးကောက်ခံရဖွယ် ရှိနေပါတယ်။ “ကျနော်တို့ ဒီနေ့ အမေရိကနိုင်ငံများအဖွဲ့ ဌာနချုပ်ရှေ့ကို လာပြီး တနင်္ဂနွေနေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်တာပါ။ ဒါဟာ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ အာဏာရှင်ကို တရားဝင်ဖြစ်အောင် ဖန်တီးထားတဲ့ အကြံအဖန်ပါ။” လို့ ဆန္ဒပြသူ ဒေးဗစ်ဆိုဆာက ပြောပါတယ်။ အဲဒီချီတက်ဆန္ဒပြပွဲ့ကို မကြာခင်က ဖွဲ့စည်းခဲ့တဲ့ အတိုက်အခံအဖွဲ့အစည်း တခုကနေ ဦးဆောင်ခဲ့ပြီး  ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ စည်းရုံးလှုံ့ဆော်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ အမေရိကနိုင်ငံများအဖွဲ့ ဌာနချုပ်ကို ရွေးကောက်ပွဲ ကန့်ကွက်ကြောင်း စာပေးပို့ဖို့ စီစဉ်ထားတာပါ။  ဒီမဲမပေးရေး အစီအစဉ်ဟာ ဗင်နီဇွဲလား အတိုက်အခံအဖွဲ့ကို နှစ်ခြမ်းကွဲစေပြီး မာဒူရို အလိုကျ ဖြစ်သွားစေပါတယ်။ မာဒူရိုရဲ့ အဓိကပြိုင်ဘက်ဖြစ်ပြီး အတိုက်အခံညွန့်ပေါင်းအဖွဲ့နဲ့ လမ်းခွဲခဲ့တဲ့  ဟင်နရီဖာကွန်းက “ရွေးကောက်ပွဲ မဲပေးခြင်းကသာ မာဒူရိုကို အနိုင်ယူဖို့ တခုတည်းသော နည်းလမ်း” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up