ရခိုင်ပြည်နယ်ရှိ အန်ဗွီစီ ကတ်ကိုင်ဆောင်သူများ အခြားနေရာသွားပါက ခွင့်ပြုချက်ယူရမည်
DVB
·
May 17, 2018
ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်မှု သက်သေခံကတ် (အန်ဗွီစီ) ကိုင်ဆောင် သူတွေအနေနဲ့ တခြားတိုင်းနဲ့ပြည်နယ်ကို သွားရောက်မယ်ဆိုရင် သက်ဆိုင်ရာ ပြည်နယ် အစိုးရဆီက ခွင့်ပြုချက်ရမှသာသွားရမယ်လို့ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းက တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ကနေ တခြားနေရာကိုသွားရောက်မယ်ဆိုရင်တော့ ပုံစံ ၄ ခရီးသွားမှတ်တမ်းကို ဖြည့်စွက်ရမှာဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရရုံး သွားရောက် လျှောက်ထားရမှာပါ။
အန်ဗွီစီကတ်ကိုင်ဆောင်သူတွေဟာ နိုင်ငံသားစိစစ်ခံရမယ့်သူတွေဖြစ်ပြီး ဒီကတ်ပြား ကိုင်ဆောင်သူတွေဟာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်တဲ့ အထောက်အထားတခုသာ ဖြစ်တယ်လို့ဆိုပါတယ်။
လူကယ်ပြန်ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးကလည်း အန်ဗွီစီကတ် ကိုင်ဆောင်ထားသူတွေဟာ ယာယီခရီးသွားလာခွင့်လက်မှတ် ပုံစံ ၄ နဲ့ သက်ဆိုင်ရာ အမိန့်၊ ညွန်ကြားချက်နဲ့သာ သွားလာခွင့်ရှိမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်မှာ ပြော ထားပါတယ်။
ရခိုင်ပြည်နယ်တွင်း ၁၃ မြို့မှာ အန်ဗွီစီကတ်တွေ ထုတ်ပေးထားတာ စုစုပေါင်း ၁၅၀၀၀ ကျော်ရှိနေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဝဏ္ဏခွာညို