Home
မြန်မာသတင်း
တောင်သူလယ်သမားများအတွက် နှစ်ရှည်ချေးငွေ ထုတ်ပေးရန် စီစဉ်နေ
DVB
·
May 17, 2018
  တောင်သူလယ်သမားများအတွက် နှစ်ရှည်ချေးငွေတွေ ထုတ်ချေးပေးဖို့ စီစဉ်လုပ်ဆောင် နေပြီလို့ စီမံကိန်းနဲ့ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။ မေလ ၁၇ ရက် ပြည်သူ့လွှတ်တော်  အစည်းအဝေးမှာ အုတ်တွင်းမဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါ်ချိုချိုရဲ့ မေးခွန်းကိုဖြေရင်း ဒုဝန်ကြီးက ပြောခဲ့တာဖြစ်ပြီး ဘယ်တော့ စတင်ထုတ်ချေးမယ် ဆိုတာကိုတော့ ပြောမသွားပါဘူး။ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက “လယ်ယာစိုက်ပျိုးခြင်းဖြင့် အဓိက အသက်မွေး ၀မ်းကျောင်းပြုနေတဲ့ တောင်သူလယ်သမားများ ကြုံတွေ့နေရတဲ့ အခက်အခဲပေါင်းစုံကို ဖြေရှင်းနိုင်ဖို့အတွက် နှစ်ရှည်ချေးငွေကဲ့သို့သော အထောက်အပံ့ဖြစ်စေမယ့် ကူညီ စောင့်ရှောက်မှုများ ပြုလုပ်ပေးရန် အစီအစဉ် ရှိပါကြောင်း၊ ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အကြံပြုချက်များ ပေးလာပါကလည်း ကြိုဆိုလျက် ရှိပါကြောင်း” ပြောပါတယ်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ချေးငွေ ကျပ် ဘီလီယံ ၁၈၀နဲ့ လယ်သမားတွေ လယ်ယာသုံးစက်ကိရိယာတွေ ၀ယ်ယူနိုင်ဖို့ ငွေထုတ်ချေးပေး နေတယ်။ တခါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ မြန်မာ့စီးပွားရေးဘဏ်ကနေ ငွေကျပ် ဘီလီယံ ၂၀၀ ချေးပြီး တောင်သူလယ်သမားတွေကို နှစ်ရှည်ချေးငွေ ထုတ်ချေးဖို့ စီစဉ်ထားတယ်လို့လည်း ဒုဝန်ကြီးက ပြောသွားပါတယ်။ အုတ်တွင်းမဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါ်ချိုချိုကတော့  တောင်သူတွေဟာ စပါးတမျိုးထဲ စိုက်တာမဟုတ်ဘဲ ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြပြီး ပြီးခဲ့တဲ့ နှစ်က အိန္ဒိယက ပဲ မ၀ယ်လို့ တောင်သူတွေ အကျပ်အတည်း ဖြစ်ခဲ့တယ်လို့ လွှတ်တော်မှာ ပြောပါတယ်။ အစိုးရဟာ လတ်တလောမှာ လယ်သမားတွေထံ နှစ်တို စိုက်ပျိုးစရိတ်ချေးငွေကိုပဲ ထုတ်ချေးပေးနိုင်နေပြီး နှစ်ရှည်ချေးငွေ ထုတ်ပေးဖို့ တောင်သူလယ်သမားတွေကလည်း လိုလား နေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024