အိန္ဒိယအမျိုးသား ၂ ဦး လိင်ပိုင်းစော်ကားခဲ့ကြောင်း ထိုင်းအမျိုးသမီး စွပ်စွဲ

  ထိုင်းအမျိုးသမီးတဦးက လိင်ပိုင်းစော်ကားခံရတယ်ဆိုပြီး တိုင်ကြားခဲ့လို့ အသက် ၄၂ နှစ်အရွယ် အိန္ဒိယအမျိုးသားနဲ့ သူငယ်ချင်းဖြစ်သူကို ချန်နိုင်မှာ ဖမ်းဆီးလိုက်ပါတယ်။ သူမကို လိင်ပိုင်းဆိုင်ရာ စော်ကားပြီး လိမ်ညာခဲ့တယ်လို့ ဒီလူ ၂ ဦးကို အမျိုးသမီးက စွပ်စွဲကြောင်း ရဲတွေက ပြောပါတယ်။ မာနော့ဂျာအင်ဆိုသူ အမျိုးသားက အသက် ၂၈ နှစ်အရွယ် ထိုင်းအမျိုးသမီးကို လက်ထပ်မယ် ကတိပေးပြီး လွန်ခဲ့တဲ့ ၆ နှစ်က ဘန်ကောက်မှာ အတူနေခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမျိုးသားက အိန္ဒိယပြန်သွားခဲ့တာလို့ ရဲထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ အမျိုးသမီးရဲ့ တိုင်ကြားချက်က အိန္ဒိယမှာရှိတဲ့ တော်ဝင်ထိုင်းသံရုံးကတဆင့် ထိုင်းရဲကော်မရှင်နာမင်းကြီးဆီ ပို့ခဲ့တာလို့ သိရပါတယ်။ မာနော့ဂျာအင် ဘန်ကောက်ကို လာရောက်စဉ် သူ့သူငယ်ချင်းဖြစ်သူ ဗီကက်စ်ကိုထာရီဆိုသူကလည်း သူမကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တယ်လို့ အမျိုးသမီးက ပြောပါတယ်။ ဒေသဆိုင်ရာ တရားရုံးရှေ့မှောက်မှာ စွပ်စွဲခံရသူ ၂ ဦးကို စစ်ဆေးကြားနာပြီးတဲ့နောက် အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ ရဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အမျိုးသမီးရဲ့နာမည်နဲ့ အမှုကို ဘယ်နေ့က ဖွင့်တယ်ဆိုတာတော့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားခြင်းမရှိပါဘူး။ အမှုဖွင့်ထားပြီး အမှုကို စုံစမ်းစစ်ဆေးဆဲလို့ ရဲတွေက ပြောကြောင်း ပတ္တယားဝမ်းသတင်းတပုဒ်မှာ မေလ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up