ရင်သွေးအတွက် အန္တရာယ်ကြားမှ ကာကွယ်တိုက်ခိုက်ပေးမည့် မိခင်မေတ္တာ ရုပ်ရှင်-Breaking In (နမူနာ)

ရင်သွေးတွေ အန္တရာယ်ကျရောက်လာချိန်မှာ အကာအကွယ်ပေး စောင့်ရှောက်ကာ တိုက်ခိုက်သွားမယ့် မိခင်တယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ရဲရင့်မှုကို တွေ့မြင်ရမယ့် Breaking In ရုပ်ရှင်ကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကို သြစတြေးလျရုပ်ရှင်ဒါရိုက်တာ James McTeigue က ရိုက်ကူးထားခဲ့တာဖြစ်ပြီး လာမယ့် မေ ၁၃ ရက်နေ့ အမေများနေ့မတိုင်ခင် ရုံတင်ပြသွားမယ်လို့ ကြေညာထားပါတယ်။ ဇာတ်ကားထဲမှာတော့ ကလေး ၂ ယောက်ရဲ့ မိခင် Single Mother - Shaun Russell  အဖြစ် အမေရိကန်သရုပ်ဆောင် မင်းသမီး Gabrielle Union က ဦးဆောင်ပါဝင်ထားပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူဟာ ရုတ်တရက် သေဆုံးသွားခဲ့ပြီး မာလီဘူးက စံအိမ်ကို အမွေဆက်ခံဖို့ ကလေး ၂ ဦးနဲ့ ရောက်လာခဲ့ချိန်မှာ ထင်မှတ်မထားတဲ့ အဖြစ်တွေနဲ့ ကြုံရပါတော့တယ်။ ရာဇဝတ်ပြစ်မှု ကျူးလွန်ထားသူ လူဆိုးတွေက ကလေး ၂ ယောက်ကို ဓားစာခံလုပ်ပြီး ဖခင်ချန်ထားခဲ့တဲ့ အမွေတွေကို ရယူဖို့ ကြိုးစားချိန်မှာ သူက မိခင်တယောက်အနေနဲ့ ဘယ်လို ကာကွယ်မလဲ၊ တုံ့ပြန်တိုက်ခိုက်နိုင်မလား။ သူ့ရဲ့ရင်သွေးတွေကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာက စိတ်ဝင်စားစရာပါပဲ။ ဒီကားရဲ့ ကြာမြင့်ချိန်ကတော့ ၈၈ မိနစ်ပဲ ရှိပေမယ့် ဘာတွေများ ဆက်ဖြစ်လာလိမ့်မလဲ ဆိုတာကို တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် Suspence, Thriller Movie အမျိုးအစား ဖြစ်ပါတယ်။ သွေးထွက်သံယိုပြကွက်တွေ၊ ခြိမ်းခြောက်အကျပ်ကိုင်တဲ့ မြင်ကွင်းတွေ၊ လိင်ပိုင်းဆိုင်ရာ ဇာတ်ဝင်ခန်းတွေ ပါဝင်နေတဲ့အတွက် ဒီရုပ်ရှင်ကို အသက် ၁၃ နှစ်အောက်ကလေးတွေ မိဘအုပ်ထိန်းသူမပါဘဲ ကြည့်ရှုဖို့မသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကိုတော့ လာမယ့် မေလ ၁၁ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up