ရခိုင်ဒုက္ခသည်များကို အကူအညီသွားပေးသူ ဒါရိုက်တာဝိုင်းနှင့် မေးမြန်းချက်
ရွှေအောင်
·
June 13, 2012
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ အနီးအနားမှာ ဖြစ်ပွားနေတဲ့ ဆူပူအကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြရတဲ့ ပြည်သူတွေကို ဇွန် ၁၃ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ ရုပ်ရှင် အနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာဝိုင်းနဲ့ ပြေတီဦးတို့ သွားရောက်တွေ့ဆုံလှူဒါန်း အားပေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါရိုက်တာဝိုင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုဝိုင်းတို့ ဘယ်လိုသွားကူဖို့ အကြောင်းဖန်လာတာလဲ။
“မနေ့ကတော့ ပြေတီဦးနဲ့ ဦးဇော်ဇော်တို့က တင်းနစ်ရိုက်ဖော်ရိုက်ဖက်တွေ၊ ဦးဇော်ဇော်တို့ အဖွဲ့ကသွားလှူမယ်ဆိုတော့ ပြေတီဦးက သူလည်းလိုက်မယ်ပေါ့၊ ကျနော်နဲ့ကားရိုက်နေတော့ ကျနော့်ကိုပြောတယ်။ ကျနော်လည်း ရရင်လိုက်မယ်ဆိုတော့ လိုက်ဖြစ်သွားတာပါ။”
ဒီနေ့တွေ့ကြုံရတဲ့ အနေအထားကို နည်းနည်းလောက် ပြောပြပေးပါ။
“ဒီနေ့အနေအထားလေးတွေက ကျနော်တို့ရောက်ချိန်မှာပဲ လက်ရှိ စစ်တွေမှာ ဗလီတခု မီးလောင်နေတာတော့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့တယ်။ ကျနော်တို့ မရောက်ခင်ရှို့ထားတာပေါ့။ ဒီနေ့က စစ်တွေမှာ မိုးရွာနေတဲ့အတွက် မနေ့ကလောက် အခြေအနေ မဆိုးဘူး။ မနေ့ကဆို ဒေသခံတွေ ပြောပြချက်အရ တော်တော်ဆိုးတယ်။ ကျန်တာတွေတော့ ဘာမှတွေ့မြင်ရခြင်း မရှိပါဘူး။ ဒါကတော့ စစ်တွေမြို့ပေါ် အခြေအနေပါ။ ကျန်တဲ့နယ်တွေ အခြေအနေကတော့ မပြောတတ်ဘူး။”
ဒုက္ခသည်စခန်း သွားခဲ့တဲ့အတွေ့အကြုံလေး ပြောပြပေးပါ။
“ဒုက္ခသည်စခန်းထဲမှာ အများအားဖြင့်တော့ ကလေးနဲ့ မိန်းကလေးတွေ အများဆုံးပဲ၊ စစ်တွေမှာက အစားအသောက်လည်း တော်တော်လေး ရှားပါးတယ်။ ကျန်တဲ့ အထောက်အပံ့တွေလည်း တော်တော်လိုအပ်တဲ့သဘောတော့ တွေ့ခဲ့ရတယ်။”
ကိုဝိုင်းတို့အုပ်စုက အားလုံးပေါင်း ဘယ်လောက်လှူခဲ့ကြသလဲ။
“အားလုံးပေါင်း မြန်မာနေရှင်နယ်လိဂ် ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးတာ သိန်း ၅ ထောင်အပြင်၊ စောင်အထည်ပေါင်းများစွာ အထုတ်ကြီးတွေနဲ့ အဲဒါတွေပြင်ပြီး လှူတယ်။ ကျနော်က ၁၅ သိန်း၊ ပြေတီဦးက သိန်း ၂၀ ပေါ့။ ကျန်တဲ့မီဒီယာ အဖွဲ့တွေလည်း လှူပါသေးတယ်။”
ကိုဝိုင်းတို့ ဒုက္ခသည်တွေကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံစကားပြောခဲ့တော့ သူတို့ဘယ်လိုတွေ ခံစားနေရလဲ၊ ဘာတွေလိုအပ်နေလဲ။
“ဘာပဲပြောပြော သူတို့ဘ၀ကို သူတို့ လက်ရှိမှာ အိုးမရှိ၊ အိမ်မရှိဖြစ်သွားတယ်၊ တော်တော်လေး စိတ်ပျက်အားငယ်တဲ့ အခြေအနေမျိုးတွေနဲ့ တွေ့ခဲ့ရပါတယ်။ ကျနော်တို့ အနုပညာသမားတွေ တွေ့တဲ့ အချိန်မှာ သူတို့အားပေးတဲ့ အနုပညာသမားတွေနဲ့ လှိုက်ခနဲ ၀မ်းသာသွားသော်ငြားလည်း သူတို့ရဲ့ လောလောဆယ် ဖြစ်နေတဲ့ ဒုက္ခတွေကို ခဏလောက်မေ့သွားပေမယ့် နည်းနည်းလေး အချိန်ကြာတာနဲ့ သူတို့ဒုက္ခတွေက သူတို့ခေါင်းထဲကို ပြန်ဝင်လာတယ်နဲ့ တူပါတယ်။ ကျနော်တို့ကို ရင်ဖွင့်တယ်။ တကယ်ခံစားရတာကိုပေါ့။”
သူတို့ရင်ဖွင့်တဲ့ထဲက ကိုဝိုင်းမှတ်မိတာလေးကို နည်းနည်းပြန်ပြောပြပါ။
“ရင်ဖွင့်တဲ့ အကြောင်းရင်း တော်တော်များများကတော့ သူတို့လောလောဆယ် စခန်းတွေမှာ ဒုက္ခရောက်တယ်ဆိုတာရယ်၊ ဒီပြဿနာက ဘယ်တော့လောက် ပြီးဆုံးမယ်ဆိုတာ မသိတာရယ်၊ သူတို့အနေနဲ့ ဒါကိုစိုးရိမ်ပူပန်တယ်ဆိုတာပေါ့၊”
ကိုဝိုင်း မျက်မြင်လည်း တွေ့ခဲ့ပြီဆိုတော့ အခုဖြစ်နေတဲ့ ဆူပူအကြမ်းဖက်မှုတွေကြောင့် နေရပ် စွန့်ခွာပြေးနေရတဲ့ ပြည်သူတွေကိုယ်စား ဘာများ ပြောချင်လဲခင်ဗျ။
“အစိုးရအနေနဲ့ ဒီပြဿနာကို အမြန်ဆုံး ထိထိရောက်ရောက် ဖြေရှင်းဖို့လိုမယ်လို့ ထင်တယ်။ အမြန်ဆုံး မဖြေရှင်းနိုင်ရင် ဒုက္ခသည်စခန်း ပိုတိုးလာမယ်၊ ဒုက္ခသည်အရေအတွက်လည်း ပိုတိုးလာမယ်။ လူအသေအပျောက်တွေလည်း ပိုများလာမယ်။ တရက်၊ နှစ်ရက်တောင် ကြာလို့ မရတဲ့အခြေအနေ မျိုး ဖြစ်တယ်လို့ ခံစားရတယ်။”
ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
“အမှန်အတိုင်းပြောရရင် အမြန်ဆုံးပြီးသွားစေချင်တယ်။ အဲဒါမှ ဒုက္ခသည်တွေ အကုန်လုံးပြေလည် မှာ၊ နောက်ဆို ဒုက္ခသည်တွေ ထပ်တိုးလာဖို့ပဲ ရှိတယ်။”