ထိုင်းနိုင်ငံရှိ မာယာဘေကမ်းခြေကို ယာယီပိတ်ရန် စီစဉ်နေ

မင်းသား လီယိုနာယို ဒီကတ်ပရီယို ရိုက်ကူးထားတဲ့ The Beach ဇာတ်ကားကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ထိုင်းနိုင်ငံက မာယာဘေကမ်းခြေကို ယာယီပိတ်ဖို့ စီစဉ်နေပါတယ်။ ထိုင်းနိုင်ငံ ဖီဖီကျွန်းက မာယာကမ်းခြေကို  ပြန်ပြုပြင်ထိန်းသိမ်းဖို့အတွက် ဇွန်လ ၁ ရက် နေ့ကစပြီး ၄ လကြာ ပိတ်ထားမှာပါ။ ကမ္ဘာလှည့်ခရီးသည်တွေ အလည်အပတ်များတဲ့ မာယာကမ်းခြေဟာ ဖီဖီကျွန်းရဲ့ ၈၀ ရာ ခိုင်နှုန်းလောက်ရှိပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ စီးတဲ့လှေတွေ ကျောက်ချတာ၊ ကျောက်ဆောင် ကျောက်တန်း တွေပေါ်လမ်းလျှောက်တာနဲ့ ကျောက်ခတ်တွေကို အမှတ်တရအဖြစ်နဲ့ ယူဆောင်တာတွေကြောင့် မာယာကမ်းခြေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေက အမှိုက်တွေစွန့်ပစ်လို့ ကျွန်းပတ်ဝန်းကျင် ညစ်ညမ်းပျက်စီး ခဲ့တာကြောင့်ကျွန်းနဲ့ ကမ်းခြေကို ပြန်လည်ထိန်းသိမ်းဖို့ လိုအပ်လာတာပါ။ ကမ်းခြေပိတ်မယ့် အစီအစဉ်ကို ကမ္ဘာလှည့်ခရီးသွားတွေကလည်း ထောက်ခံကြပါတယ်။ “သဘာဝကိုပြန်ပြီး ပြုပြင်ထိန်းသိမ်းနိုင်လို့ ကမ်းခြေကိုပိတ်တာ ကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ မြင်တဲ့အတိုင်းပါပဲ လူတွေက အများကြီးပါ။ ကြာလာရင် လူတွေကြောင့် အားလုံးပျက်စီးတော့မှာပါ။ ဒါကြောင့် အခုလိုပိတ်တာ ကောင်းတယ်လို့ထင်ပါတယ်” လို့ နော်ဝေးနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားတဦးက ပြောပါ တယ်။“ “ကျမစိတ်မကောင်းဖြစ်မိပါတယ်။ ကျမတို့ရဲ့ သဘာဝကို ပျက်စီးသွားမှာလည်း စိတ်ပူပါတယ်။ လှေတွေက ကျောက်ဆောင်ကျောက်တန်းတွေကို ပျက်စီး စေခဲ့ပြီးပါပြီ။ အမှိုက်တွေလည်း ဘေးပတ်လည်မှာတွေ့ရပါတယ်။ လူတွေက သူတို့သောက်ပြီးသား ရေဘူးတွေ ကို လွှတ်ပစ်နေကြတာလည်း တွေ့ရတယ်” လို့ ကမ်းခြေကို လာလည်တဲ့ ထိုင်းနိုင်ငံသူတဦးက ပြောပါတယ်။ မာယာကမ်းခြေမှာ နေ့စဉ် ကမ္ဘာလှည့်ခရီးသွား ငါးထောင်လောက် ၀င်ထွက်နေပြီး လှေနှစ်ရာလောက် သွားလာ နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up