Live
Home
မြန်မာသတင်း
ဆက်သွယ်ရေးနည်းပညာနှင့် ပြန်ကြားရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာ-ဗီယက်နမ် သဘောတူ
DVB
·
April 20, 2018
မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့အကြား စာတိုက်၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ၊ ပြန်ကြားရေးကဏ္ဍ စတဲ့ ကဏ္ဍနှစ်ရပ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်နိုင်ငံ သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။ ဧပြီ ၁၉ ရက်က ဗီယက်နမ်အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ သဘောတူညီမှုရရှိခဲ့ကြတာ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးပွဲမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်နဲ့ ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး Phan Tam တို့က နှစ်နိုင်ငံအကြား စာတိုက်၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးခဲ့ကြတယ်။ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းနဲ့ ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး Phan Tam တို့က နှစ်နိုင်ငံအကြား ပြန်ကြားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းမှာ ဖော်ပြပါတယ်။ နှစ်နိုင်ငံသဘောတူလက်မှတ်ထိုးပွဲကို ဗီယက်နမ်နိုင်ငံကို ချစ်ကြည်ရေးခရီးအဖြစ် ရောက်နေတဲ့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်စွမ်းဖုတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024