ပြည်တွင်းပြေး ခရီးသည်တင်လေယာဉ် အင်ဂျင်ဝိုင်ကုန်သဖြင့် အရေးပေါ် ဆင်းသက်ရ
DVB
·
April 16, 2018
မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစီး အင်ဂျင်ဝိုင်ကုန်သွားလို့ ထားဝယ်လေဆိပ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။
ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့က ရန်ကုန်-မြိတ်-ဘုတ်ပြင်း-ရန်ကုန် ပြေးဆွဲတဲ့ XY-AJN လေယာဉ်ဟာ လေယာဉ်မှူး ပြည့်ဖြိုး မောင်းနှင်ပြီး ခရီးသည် ၆၉ ဦး၊ လေယာဉ်အမှုထမ်း ၈ဦးကို တင်ဆောင်ပြေးဆွဲနေတုန်း လေယာဉ်ဝဲဘက် အင်ဂျင်အတွင်း အင်ဂျင်ဝိုင်ကုန်သွားလို့ ထားဝယ်လေဆိပ်ကို့ အရေးပေါ်ဆင်းသက်ခဲ့ရတယ်။
လေယာဉ်အရေးပေါ်ဆင်းသက်စဉ်မှာ လေယာဉ်ပျံရဲ့ ဝဲဘက်အတွင်းဘီး ပေါက်ခဲ့ပေမယ့်လည်း လေယာဉ်ကို အဆင်ပြေပြေ ဆင်းသက်နိုင်ခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။
လေယာဉ်ကို အင်ဂျင်နီယာဦးတင်ထွန်းအောင်က ပြုပြင်နေစဉ် ခရီးသည်တွေကို ထားဝယ် လေဆိပ်နားနေဆောင်မှာ ခေတ္တစောင့်ဆိုင်းစေပြီး ညနေပိုင်းမှာ မြန်မာအမျိုးသားလေကြောင်း လိုင်းပိုင် XY-AMK လေယာဉ်ပေါ် ပြောင်းလဲတင်ဆောင်ကာ မြိတ်လေဆိပ်သို့ ထွက်ခွာသွားခဲ့ ပါတယ်။
ညပိုင်းမှာ အင်ဂျင်ဝိုင်ကုန်သွားတဲ့ လေယာဉ် ပြန်လည်ပြင်ဆင်ပြီးစီးလို့ ထားဝယ်လေဆိပ်ကနေ ရန်ကုန် လေဆိပ်ကို ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။