အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း စတင်တည်ဆောက်

အမေရိကန်-မက္ကဆီကိုနယ်စပ် အမေရိကနနိုင်ငံဘက်ခြမ်း နယူးမက္ကဆီကိုပြည်နယ်က ဆန်တာထရီဆာမြို့မှာ နယ်စပ်တံတိုင်းကို အမေရိကန်က စတင်တည်ဆောက်နေပါတယ်။ မိုင် ၂၀ ရှည်လျားတဲ့ မူလက ယာဉ်မသွားရ တားမြစ်နေရာတွေကို ခိုင်မာတဲ့ နယ်စပ်ခြံစည်းရိုးတွေအဖြစ်နဲ့ အမေရိကန်အစိုးရက ပြောင်းလဲတည်ဆောက်နေတာပါ။ တည်ဆောက်မှုဟာ ရက်ပေါင်း ၄၀၀ ဝန်းကျင် ကြာမြင့်နိုင်ပြီး ဒေါ်လာ ၇၃ ဒသမ ၃ သန်း ကုန်ကျမယ်လို့ သိရပါတယ်။ “သမ္မတက သူ့ရဲ့စီမံကိန်းကို စနေပါပြီ။ တည်ဆောက်ရေးအတွက် ဒီနေ့ အုတ်မြစ်စချနိုင်မယ်လို့ ထင်ပါတယ်။ ကျနော်တို့ မြင်တွေ့နေကျ တံတိုင်းစခတ်တဲ့အချိန် လုပ်ဆောင်ရတဲ့ ပုံစံတွေအတိုင်းပါပဲ” လို့ အမေရိကန် နယ်စပ်လုံခြုံရေး အကြီးအကဲ  အယ်ရင်ဟောက ပြောပါတယ်။ “နယ်စပ်လုံခြုံရေး တာဝန်ထမ်းဆောင်တဲ့သူတွေကို အထောက်အကူပေးနိုင်ဖို့ ဒီတံတိုင်းကို တည်ဆောက်တာပါ။ လူတွေက ဒီတံတိုင်းဟာ နယ်စပ်မှာရှိတဲ့ အရာအားလုံးကို ပိတ်ပစ်လိမ့်မယ်လို့ ထင်နေကြပါတယ်။ အဲဒီလိုမဟုတ်ပါဘူး။ ဒါက ကျနော်တို့ရဲ့တာဝန်ကို ပိုပြီး ထိထိရောက်ရောက် ထမ်းဆောင်နိုင်ဖို့ ရိုးရှင်းတဲ့ ကိရိယာတခုပါ။ နိုင်ငံတွင်း ဘယ်လို ကျူးကျော်ဝင်ရောက်မှုတွေကိုပဲဖြစ်ဖြစ် ပြန်လည်တုံ့ပြန်ဖို့အတွက် ဒီတံတိုင်းက ကျနော်တို့ကို အချိန်ပိုရစေပါတယ်” လို့ အမေရိကန် နယ်စပ်လုံခြုံရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရမ်မီယိုကိုဒီယိုက ပြောပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၂၀၁၅ ခုနှစ် သူ့ရဲ့ မဲဆွယ်စည်းရုံးရေးကာလမှာ အမေရိကန်ကို ဝင်ရောက်လာတဲ့ မက္ကဆီကို နိုင်ငံသားတွေကို မုဒိမ်းကောင်တွေလို့ ပြောပြီး မဲဆွယ်စည်းရုံးခဲ့သလို မက္ကဆီကိုနဲ့ တောင်ပိုင်းနယ်စပ်မှာ တံတိုင်းဆောက်မယ်လို့ ကြွေးကြော်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up