Live
Home
အနုပညာ
အနုပညာရှင်တချို့ရဲ့ သင်္ကြန်ရင်ခုန်သံ
DVB
·
April 9, 2018
မကြာခင်ရက်ပိုင်းအတွင်း  မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ကို ရောက်တော့မှာ ဖြစ်တဲ့အတွက် အနုပညာရှင်တချို့ရဲ့ သင်္ကြန်အစီအစဉ်နဲ့ သင်္ကြန်အမှတ်တရစကား တချို့ကို မေးမြန်းထားပါတယ်။ အဆိုတော်ကျားပေါက်(Big Bag Band) ဒီနှစ်ကတော့ အစ်ကိုက ပြည်လမ်းပေါ်မှာရှိတဲ့ We LiT  Water Festival မဏ္ဍပ်မှာ ပရိသတ်တွေကို သီချင်းတွေကို ဖျော်ဖြေရင်းရှိနေပါမယ်။ သင်္ကြန်အကျနေ့နဲ့ အကြတ်နေ့ ၂ ရက် Big Bag Band နဲ့ အတူရှိနေပါမယ်။ နှစ်သစ်မှာ Big Bag နဲ့ အတူတူလာကဲဖို့ ဖိတ်ခေါ်ပါတယ်။    

မိစန္ဒီ ဒီနှစ်သင်္ကြန်ကတော့ မိစန္ဒီ ဘားအံမှာပဲ လေးရက်လုံးရှိနေပါတယ်။   ဘားအံက   ပရိသတ်တွေနဲ့အတူ သီချင်းတွေကို သီဆိုဖျော်ဖြေရင်းနဲ့ သင်္ကြန်ရက်တွေကို ဖြတ်သန်းသွားမှာပါ။ နှစ်သစ်မှာ ပရိသတ်တွေအားလုံး ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ 

    အဆိုတော် ဇွဲပြည့်  သင်္ကြန်ဆိုရင်တော့ နှစ်တိုင်း ရန်ကုန်က MNTV မဏ္ဍပ်မှာ သီချင်းဆိုပြီး ဖြတ်သန်းနေကျပေါ့။ ဒီနှစ်တော့ နယ်သင်္ကြန်ကျချင်တယ်။ နယ်ဘက်မှာ အတွေ့အကြုံ မရှိသေးဘူး။ နယ်ဘက်ကို သွားဖို့တော့ စဉ်းစားနေတယ်။ နည်းနည်းတော့ လိုပါသေးတယ်။ နှစ်သစ် ရောက်တော့မယ်ဆိုတော့ ပရိသတ်တွေ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေလို့ ဆုတောင်းပေးပါတယ်။      

အဆိုတော် ရတနာမိုင် ဒီနှစ်သင်္ကြန်ကတော့ သီချင်းဆိုရင်းပဲ ဖြတ်သန်းသွားမှာပါ။ သင်္ကြန် အမှတ်တရလေးတွေကတော့ အများကြီးပါပဲ။ သင်္ကြန်မှာ ပရိသတ်တွေဆီသွားပြီး ဖျော်ဖြေရတယ်။  အမှတ်ရစရာတွေကတော့ နှစ်တိုင်း နှစ်တိုင်းပါပဲ။ မြို့တိုင်းမှာ အမှတ်ရ စရာလေးတွေကတော့ ရှိတယ်။ ဘယ်မှာရှိမလဲတော့ သေချာမသိသေးပါဘူး။

      မော်ဒယ် ခင်သဇင် ဒီနှစ်သင်္ကြန်ကတော့ သဇင်က သင်္ကြန်ခရေဇီသမား ဆိုတော့ နိုင်ငံခြားခရီး လုံးဝ မထွက်ဘူး။ သင်္ကြန် အငွေ့အသက်ကို အပြည့်အဝ အရသာခံစားပြီး နေချင်တယ်။ မြန်မာနိုင်ငံက နယ်ဘက်တွေကို ကားမောင်းပြီး လျှောက်ထွက်ရင်ထွက်မယ်။ အလုပ်ပေါ်လာရင်လည်း လုပ်မယ်။ ဒါမှမဟုတ် သဇင့်အဖေဆီသွားပြီး မန္တလေးသင်္ကြန် ခံစားမယ်။ သူငယ်ချင်းတွေနဲ့ ကမ်းခြေထွက်ပြီး ပျော်ရင်ပျော်ဖြစ်မယ်။    

မော်ဒယ် ဂုဏ်ရှိန်ဝင့်ထည် သင်္ကြန်ဆိုရင်တော့ ခါတိုင်းနှစ်တွေ သုံးနှစ်ဆက်တိုက်ကတော့ မန္တလေးမြို့တော်ဝန် မဏ္ဍပ်မှာ သီချင်းအမြဲဆိုဖြစ်တယ်။ ဒီနှစ်ကတော့ လောလောဆယ် လာချိတ်ထားတာ မရှိသေးဘူး။ ပွဲမရှိဘူးဆိုရင်တော့ ပြည်ပခရီးတခုခု သွားဖြစ်မှာပါ။

သင်္ကြန်ရောက်ရင်တော့ ပျော်တာပဲ။ ငယ်ငယ်ကဆို ပိုတောင်ပျော်တယ်ပေါ့။ သင်္ကြန် ရောက်တော့မယ့် တလလောက် အလိုကတည်းက ပျော်နေတာ။ အခုကြီးလာတော့ ငယ်ငယ်ကလိုတော့ မဟုတ်တော့ဘူး။ ဒါပေမယ့် အနုပညာလောကထဲ ရောက်လာတော့ ကိုယ့်ဘာသာ ပျော်တာထက် အလုပ်ရှိတဲ့နေရာကို သွားရတယ်ပေါ့။ သီချင်းဆိုလိုက်၊ ဟိုတယ်ပြန်လိုက်နဲ့ အချိန်ကုန်တယ်ပေါ့။

    သရုပ်ဆောင် ထွန်းကိုကို သင်္ကြန်အတွက်ကတော့ လောလောဆယ် အစီအစဉ် မရှိသေးပါဘူး။ သင်္ကြန်ရောက်ရင်တော့ ပျော်ပါတယ်။ အကျိုးရှိတဲ့အလုပ်တွေ သင်္ကြန်တွင်းမှာတော့ လုပ်ဖြစ်ဖို့ များပါတယ်။      

ကျော်ထက်ဇော် ဒီနှစ်သင်္ကြန်ကတော့ ကျနော့်အနေနဲ့ နေရာတော်တော်စုံတယ်။ ရန်ကုန်မှာ သီချင်းဆိုမယ် အကြိုနေ့မှာ၊ အကျနေ့မှာတော့ ချင်းတောင်တန်းမှာရှိတဲ့ ဆောဆိုတဲ့မြို့လေးမှာ သီချင်းဆိုဖြစ်မယ်။ အကြတ်နဲ့ အတက်ကို မန္တလေး သွားမယ်။

သင်္ကြန်နဲ့ပတ်သက်ပြီးတော့ အမှတ်တရတော့ သိပ်မရှိဘူး။ သင်္ကြန်ဆိုရင် ပျော်တယ်။ အရင်ကတော့ သင်္ကြန်မှာ သီချင်းမဆိုဖြစ်ဘူး။ ဒီနှစ်ဆိုရင် ကျနော့်ကို ချစ်တဲ့သူတွေ၊ ကျနော် ချစ်ရတဲ့ ပရိသတ်တွေနဲ့ နွေးနွေးထွေးထွေးဖြစ်အောင် အရမ်းဝေးတဲ့ ဆောမြို့လေးထိ သွားပြီး သီချင်းဆိုမယ်။ ပြီးရင် မန္တလေး ပြန်လာမယ်။ ဒီနှစ်ကတော့ ကျနော့်အတွက် တကယ်ကို အမှတ်တရဖြစ်စေမယ့် သင်္ကြန်လို့ ထင်တယ်။

  သတင်း - ကြယ်စု

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024