တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးကို ထောင်ဒဏ် ၂၄ နှစ် ချမှတ်

ဓာတ်ပုံ - AFP
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် ဗဟိုခရိုင်တရားရုံး တရားသူကြီးက ဧပြီ ၆ ရက်နေ့မှာ တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးကို ထောင်ဒဏ် ၂၄ နှစ် ပြစ်ဒဏ်စီရင်လိုက်ပါတယ်။ အစိုးရရှေ့နေတွေက ပတ်ဂွန်ဟေးကို ထောင်ဒဏ် နှစ် ၃၀ ချဖို့ ဆော်သြခဲ့တာပါ။ သူဟာ ပြည်သူတွေ ပေးအပ်ထားတဲ့ အာဏာကို အလွဲသုံးစား လုပ်ခဲ့တယ်လို့ တရားသူကြီးက ပြောပါတယ်။ ပတ်ဂွန်ဟေးဟာ ထောင်ဒဏ်အပြင် ငွေဒဏ် အမေရိကန်ဒေါ်လာ ၁၁၁ သန်းကိုပါ ပေးဆောင်ဖို့ စီရင်ချက် ချမှတ်ခံရပါတယ်။ သူဟာ ၂၀၁၇ မတ်လမှာ အဖမ်းခံရပြီးတည်းက ဆိုးလ်မြို့တော်နားက အချုပ်ခန်းထဲမှာ ထိန်းသိမ်းခံခဲ့ရတာပါ။ ပတ်ဂွန်ဟေးကတော့ ဒီစွဲချက်ဟာ နိုင်ငံရေးအကွက်ရွှေ့တာလို့ ပြောရင်း ကျန်းမာရေးကို အကြောင်းပြပြီး တရားရုံး ကြားနာပွဲကို တက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပတ်ဟာ သူ့အနီးကပ်သူငယ်ချင်း ချိုအီစွန်းစီကို အစိုးရရဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ပိုင်ခွင့် အများအပြား ပေးခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။ ဒါ့အပြင် သူတို့သူငယ်ချင်းနှစ်ယောက်ဟာ မူဝါဒရေးရာ မျက်နှာသာရရေးအတွက် လုပ်ငန်းစုကြီးတွေဆီက ဒေါ်လာသန်း ဆယ်ဂဏန်းနဲ့ချီပြီး လာဘ်ယူခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up