အဆိပ်ခတ်ခံရမှုကိစ္စ အပြစ်တင်နေသည့် ဗြိတိန်ကို ရုရှား သတိပေး

ရုရှားထောက်လှမ်းရေးဟောင်း အဆိပ်ခတ်ခံရတဲ့ကိစ္စအတွက်  အပြစ်တင်နေတဲ့ ဗြိတိန်ကို နောင်တရစေလိမ့်မယ်လို့ ရုရှားက သတိပေးလိုက်ပါတယ်။ ဧပြီလ ၅ ရက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးပွဲမှာ အခုကိစ္စအတွက် ရုရှားက သတိပေးလိုက်တာဖြစ်ပါတယ်။ “အခုလို အပြစ်တင်နေတာက မီးနဲ့ကစားတာနဲ့တူပြီး အဲဒီအတွက် နောင်တ ရလာလိမ့်မယ်လို့ ကျနော်တို့ ဗြိတိန်ကို ပြောပြီးပါပြီ” လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗာဆီလင်နီဘီရန်ဇီရာက ပြောပါတယ်။ “နိုဗိုချော့က ရုရှားနာမည်ဆိုပေမယ့် ဒီအဆိပ်ကို ရုရှားက မူပိုင်ခွင့်ရထားတာ မဟုတ်ပါဘူး။ ဒါကို အနောက်နိုင်ငံတွေက အဆိပ်တခုရဲ့ အမည်အနေနဲ့ ပေးခဲ့တာပါ။ ဒါက ကျွမ်းကျင်သူတွေနဲ့ သိပ္ပံပညာရှင်တွေအတွက် အသစ်မဟုတ်ပါဘူး။ အမေရိကန်နဲ့ ဂရိတ် ဗြိတိန်အပါအ၀င် နိုင်ငံအတော်များများမှာ ထုတ်ခဲ့ပါတယ်” လို့ နီဘီရန်ဇီရာက ဆက်လက်ပြောဆိုပါတယ်။ “ဒါက ပူးပေါင်းလုပ်ဆောင်မှုတခုပါ။ ကောင်းစွာပြင်ဆင်ထားတဲ့ အဖွဲ့အစည်း၊ ကြိုတင်အကွက်ချမှုတွေနဲ့ လုပ်ဆောင်ခဲ့တာပါ။ အခွင့်အရေးရလို့ လုပ်တာမျိုးမဟုတ်ပါဘူး။ အဓိကရည်ရွယ်ချက်က ရှင်းပါတယ်။ ရုရှားရဲ့ ဂုဏ်သိက္ခာကို ထိပါးစေချင်လို့ပါ” လို့လည်း နီဘီရန်ဇီရာက ဆက်လက်ပြောကြားသွားပါတယ်။ ဗြိတိန်ရဲ့ ကုလသံအမတ် ကယ်ရင် ပီးရက်ကတော့ အဆိပ်သင့်ခဲ့တဲ့ ရုရှားထောက်လှမ်းရေးဟောင်းရဲ့ သမီးဖြစ်သူကို တွေ့ဆုံဖို့ ရုရှားကောင်စစ်ဝန်ရုံးက ကမ်းလှမ်းထားပြီး ကာယကံရှင်ဘက်က တွေ့ဆုံချင်တဲ့ဆန္ဒရှိဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ရုရှားထောက်လှမ်းရေးဟောင်း အဆိပ်သင့်တဲ့ကိစ္စအတွက် ကုလလုံခြုံရေး ကောင်စီအစည်းအဝေးကို ရုရှားက ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up